ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ စစ်ကောင်စီဘက်က အပြင်းအထန် လှုံ့ဆော်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဓိကလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရ ပါတယ်။
လာမယ့် အောက်တိုဘာ ၁ ရက်မှာ သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီက ကြေညာထားပြီး စာရင်းကောက်ယူဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့ စာရင်းလာကောက်သူတွေ အန္တရာယ်ကင်းစေဖို့အတွက် စည်းရုံးလှုံ့ဆော်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရွှေပေါက္ကံမှာနေသူ တယောက်က “တအိမ်တက်ဆင်း လိုက်ပြောတာမျိုးတော့ မဟုတ်ဘူး။ ဧည့်စာရင်းဖြစ်ဖြစ်၊ ထောက်ခံစာဖြစ်ဖြစ် သွားလုပ်တဲ့အချိန်တွေမှာ စာရင်းလာကောက်ရင် သေချာဖြေပေး၊ စာရင်းကောက်တဲ့အချိန် ဘာသံမှမကြားချင်ဘူး၊ နင်တို့လိုချင်တဲ့ ဒီမိုကရေစီရဖို့ လုပ်နေတာ၊ ကောင်းကောင်းမွန်မွန်ဖြေပေးကြလို့ပြောတာ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို မြို့နယ်အသီးသီးက လမ်းမဘေးတွေမှာ အများအပြား စိုက်ထူထားပါတယ်။
၂၀၂၃ ခုကတည်းက ရန်ကုန်မြို့က ပြည်သူတွေဟာ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို မကြာခဏပေးနေရပြီး ဩဂုတ်လကလည်း စားအုန်းဆီပေးမယ်ဆိုကာ အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်းမှတ်တမ်းတွေကို မိတ္တူကူးပေးရသေးတယ်လို့ သိရပါတယ်။
အင်းစိန်မှာနေသူတယောက်က “အိမ်ထောင်စုစာရင်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ အကုန်ရှိတယ်။ တကူးတက လိုက်ကောက်နေစရာတောင်မလိုဘူး။ အခုကြားတာက ရာအိမ်မှူးတွေက လမ်းပြအနေနဲ့ လိုက်ပေးရမယ်လည်းကြားတယ်။ ရပ်ကွက်ထဲက လူငယ်တွေလည်း ခေါ်မယ်ကြားတယ်။ သန်းခေါင်စာရင်းကိစ္စနဲ့ ရပ်ကွက်ထဲမှာ အုပ်ကြီးတွေ အတော်ခြေရှုပ်နေကြတယ်” လို့ ပြောပါတယ်။
သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက်သူတွေဟာ မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း ရောက်ရှိမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ဒီလိုသန်းခေါင် စာရင်းကောက်ယူမှုတွေမှာ ပြည်သူတွေအနေနဲ့ မပူးပေါင်းမပါဝင်ဘဲ ဆန့်ကျင်ကြဖို့ ရန်ကုန်လူထုသပိတ်အဖွဲ့တွေကလည်း ကြေညာထားပြီး အခုအခါ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတချို့ အသတ်ခံရတာလည်း ရှိပါတယ်။