တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း မြို့နယ်တချို့မှာ တရားဝင်မှုမရှိဘဲ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေ ဖိအားပေးဆောင်ရွက်နေတာဟာ ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုဖြစ်ပွားစေလိမ့်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
ဇွန် ၂၅ ရက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ပြန်စကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူတာတွေ တွန်းအားပေးဆောင်ရွက်နေတာပါ။
စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီက သူတို့ထိန်းချုပ်နယ်မြေတွေမှာ သင်တန်းပေးထားတဲ့ လဝက၊ ထွေအုပ်၊ ပညာရေးက Non CDM ဝန်ထမ်းတွေကို စေလွှတ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေပါတယ်။
မြို့နယ် ၂၈ ခု၊ ခရိုင် ၁၁ ခုရှိတဲ့မန္တလေးတိုင်းမှာ မြို့ပေါ်နေရာတွေလောက်ပဲ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်မှာဖြစ်ပြီး သဘာဝဘေးနဲ့ စစ်ရေးပြဿနာတွေကြောင့် စာရင်းမှန်ရဖို့တော့ မဖြစ်နိုင်ဘူးလို့ မြင်းခြံဒေသခံ PDF ခေါင်းဆောင် ဗိုလ်ဇီးရိုးက ပြောပါတယ်။
"မြင်းခြံမှာတော့ သူတို့ထွေအုပ်ဝန်ထမ်းတွေဘာညာပေါ့၊ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေက မိတ္ထီလာဘက်သွားပြီး Laptop တွေနဲ့ အရင်စာရင်းတွေနဲ့ သန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေသွားပြီး လုပ်နေတယ်လို့တော့ ကျနော်တို့ မြင်းခြံနဲ့ပတ်သက်တာသိရပါတယ်။ စာရင်းမှန်ရနိုင်ခြေကတော့ သူတို့စိုးမိုးထားတဲ့ နယ်မြေက အနည်းအကျဉ်းပဲရှိတာ။ ကျေးရွာတွေဆိုရင်လည်း ကျေးရွာတိုင်းမှာက အုပ်ချုပ်ရေးမှူးမှမရှိတာ၊ အဲ့ဒီတော့ သူတို့သန်းခေါင်စာရင်း ဘယ်လိုလုပ်အမှန်ရနိုင်မှာတုန်း။ သူတို့လည်း သူတို့အလုပ် လုပ်စရာရှိတာလုပ်ပေါ့။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်ကတော့ လုပ်ရမှာပါပဲဗျ။ သူတို့ရှိနေတဲ့ မြို့ပေါ်မှာလောက်ပဲ အဆင်ပြေမှာပေါ့။ အရှေ့အနောက်တောင်မြောက် သူတို့နည်းနည်းထွက်လိုက်တာနဲ့ သူတို့အတွက် Error ရှိတယ်လေ။”
လက်နက်ကိုင်တော်လှန်ရေးစကတည်းက စစ်တပ်ရဲ့ အဆိုးဆုံးဖိအားပေးတိုက်ခိုက်တာခံခဲ့ရတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေပါတယ်။
မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူ သိန်းချီရှိနေပေမဲ့ စစ်ကောင်စီက မဖြစ်မနေ သန်းခေါင်စာရင်းကောက်ဖို့ ကြေညာတာ၊ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း PDF ခေါင်းဆောင်တယောက်က “ကျနော်တို့ စိုးမိုးထားတဲ့နယ်မြေတွေမဟုတ်တဲ့ မကွေးမြို့ပေါ်အပါအဝင် စလေ-စကုတို့၊ ရေနံချောင်း-ချောက်တို့၊ စလင်း-ပွင့်ဖြူတို့မှာ ဒီရက်ပိုင်းတွေအတောအတွင်းမှာ လိုက်ပြီးတော့ လုပ်နေတယ်လို့ သိရပါတယ်ဗျ။ စစ်မှုထမ်းဥပဒေကလည်း သူတို့အနေနဲ့ ပြဋ္ဌာန်းထားပြန်ဆိုတော့ သန်းခေါင်စာရင်း ကောက်ယူတာလား၊ စစ်မှုထမ်းအတွက် လူအင်အားစိစစ်တာလား သိပ်ပြီးတော့မကွဲဘူးပေါ့။ အဲ့ဒီတော့ စိုးရိမ်စိတ်တွေလည်း ရှိကြပါတယ်။ ရွေးကောက်ပွဲအောင်မြင်ရင် အောင်မြင် မအောင်မြင်လို့ရှိရင် ဒါဟာ စစ်မှုထမ်းဥပဒေအရ သူတို့သတ်မှတ်ထားတဲ့အသက်မီတဲ့သူတွေကို စိစစ်ပြီးသားဖြစ်တယ်လို့ ယူဆကြတယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းထဲမှာ သန်းခေါင်စာရင်းမဖြစ်ဖြစ်အောင် ကောက်မယ်လို့ စစ်တပ်လက်ပါးစေဝန်ထမ်းတွေ ကြုံးဝါးနေတာရှိပါတယ်။ မုံရွာမြို့မှာဆိုရင်လည်း အဓိကလမ်းဆုံလမ်းခွတွေ လူမြင်သာတဲ့နေရာတွေမှာ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုတဲ့ နှိုးဆော်စာတွေ ပိုစတာတွေ လိုက်လံကပ်ထားတာတွေလည်း ရှိပါတယ်။ အခြားမြို့နယ်တွေမှာလည်း အလားတူပဲ သန်းခေါင်စာရင်းကောက်ဖို့အတွက် လှုံ့ဆော်နေတာတွေရှိတယ်လို့ ကြားသိရပါတယ်။ ပြည်သူတွေဟာ ကျေးရွာရပ်ကွက်တွေမှာ အခြေတကျမနေထိုင်ရဘဲနဲ့ ရွေ့ပြောင်း စုပေါင်းပြီးတော့ နေထိုင်ကြရတဲ့ အခြေအနေရှိတယ်။ စစ်ကိုင်းတိုင်းဆိုရင်လည်း စစ်ရှောင်ပြည်သူ ၁၂ သိန်းကျော်ရှိတယ်၊ ဒီကိန်းဂဏန်းဆိုရင်လည်း တတိုင်းလုံးပြည်သူလူဦးရေရဲ့ ၂၀ ရခိုင်နှုန်းကျော်က စစ်ရှောင်ပြည်သူတွေဖြစ်နေတယ်။ စာရင်းအမှန် ကိန်းဂဏန်းအမှန် အချက်အလက်အမှန်ရဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။”
ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း ပြည်နယ်အသီးသီးမှာလည်း စစ်ရေးပြဿနာတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာနေကြတာပါ။ ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် (AA) က ဒေသအများစုကို ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက သန်းခေါင်စာရင်းကောက် ယူဖို့ မဖြစ်နိုင်တဲ့အခြေအနေပါ။ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့မှာတော့ စစ်ကောင်စီက မြို့ပေါ်နေရာတွေလောက်ပဲ စာရင်းကောက်ယူနိုင်မှာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေ အများအပြားကျန်နေတဲ့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့က မြို့နယ်တချို့မှာတော့ စစ်ကောင်စီက စာရင်းကောက်နိုင်တဲ့ အခြေအနေရှိနေသေးတယ်လို့ လေ့လာသူတွေက တွက်ချက်ထားပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့ မှတ်ပုံတင်ထားတဲ့ပါတီ ၅၀ ကျော်ရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့က အမတ်နေရာ ၁၀၀ ကျော်ကျော်လေးပဲ ရထားတာ။ အမတ်နေရာထောင်ကျော်နိုင်ခဲ့တဲ့ ပါတီတွေက မှတ်ပုံတင်တာမရှိဘူး။ စစ်တပ်ကလည်း သူတို့ကို အသိအမှတ်မပြုဘူး။ အဲ့ဒါကြည့်ကတည်းကိုက ကိုယ်စားပြုမှုမရှိဘူးဆိုတာလည်း သိသာနေတယ်။ တနိုင်ငံလုံးမှာ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲ ဘယ်လိုမှ Legitimacy (တရားဝင်မှု) မရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒေသတွင်းလုံခြုံရေး ဒေသမှာမတည်ငြိမ်မှုတွေပဲ ပိုမိုဖြစ်ပေါ်လာမယ့်လုပ်ရပ်သာဖြစ်တယ်လို့ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင် ၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း စစ်ရှောင်ပြည်သူ ၃ သန်းကျော်ရှိနေတာပါ။ အာဏာသိမ်းကာလအလွန် ၂ နှစ်ကျော်မှာ အကြောင်းမျိုးမျိုးနဲ့ ပြည်ပထွက်ခွာသူ ၂ သန်းကျော်ရှိတယ်လို့ လဝကစာရင်းတွေကိုမှီငြမ်းပြီး စစ်ကောင်စီသတင်းစာက ဩဂုတ် ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။
အာဏာသိမ်းဖြစ်စဉ်အပြီး စာရင်းမဲ့ သတ်ဖြတ်ခံရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေ၊ ကိုဗစ်ကာလသေဆုံးသူတွေ၊ သဘာဝဘေးတွေကြောင့် ကွယ်လွန်ပျောက်ဆုံးသူတွေလည်း အများအပြားရှိနေတာကြောင့် ဒီကာလမှာ စာရင်းကောက်တာဟာ စာရင်းမှန်ရဖို့ ဖြစ်နိုင်ခြေ လုံးဝမရှိတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဇေယျာချမ်းအေး