ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူတာကို ဒေးဒရဲ၊ အိမ်မဲ၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ဖျာပုံ၊ ဟင်္သာတ၊ ဇလွန်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဝါးခယ်မ၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော်၊ လပွတ္တာ၊ ပုသိမ်၊ မအူပင် စတဲ့မြို့နယ်တွေမှာ လုံခြုံရေးအပြည့်နဲ့ မြေပြင် လိုက်လံ စာရင်းကောက်ယူနေတာလို့ သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ယူတဲ့ လုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်၊ လဝက၊ ထွေအုပ်နဲ့ No-CDM ဝန်ထမ်းတွေ စတဲ့ ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၂၈ ရက်က စတင်စမ်းသပ် ကောက်ယူနေတာ ဖြစ်ပါတယ်။
ဒေးဒရဲမြို့နယ်က ဒေသခံတယောက်က “ရွေးကောက်ပွဲလုပ်ဖို့အတွက် တိကျသေချာတဲ့ စာရင်းဖို့ ကောက်တာလို့ ပါလာတဲ့ရဲက ပြောတယ်။ လဝက ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေက အသက်၊ မွေးစာရင်းနဲ့ တခြားအကြောင်းတွေ မေးတယ်။ မေးခွန်းတွေကတော့ အစုံပေါ့။ နောက်တော့ တိတိကျကျ မဖြေနိုင်လည်းရတယ်။ ဒီလိုပဲ ဖြည့်စွက်ထည့်သွားမယ်လို့ စာရင်းကောက်တဲ့အဖွဲ့က ပြောတယ်။ မဲပေးနိုင်မယ့် အသက်အရွယ်နဲ့ မိသားစုဝင်လူငယ် အမျိုးသားတွေကို ဘယ်မှာနေ ဘာလုပ် အဲဒါတွေ အဓိကထား မေးတယ်။ စကစတပ်က လုံခြုံရေးပါလာတာ” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူတဲ့ လုပ်ငန်းမှာ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ၊ စစ်မှုထမ်း တပ်သားသစ်တွေက အနည်းဆုံး ၃ ယောက်ပါပြီး အမှန်တကယ် စာရင်းကောက်တဲ့နေ့မှာ အခုထက် လုံခြုံရေး ပိုမိုသုံးလိမ့်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပညာရေးဝန်ထမ်းတယောက်က “ဆရာ၊ ဆရာမတွေကို ရက်တိုသင်တန်းပေးပြီး သန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ အဓိက ခိုင်းနေတာ (စကစ) က အရင် NLD ပါတီ အရပ်သား အစိုးရလက်ထက်က မဲလိမ် မဲခိုးတာ ဆရာ၊ ဆရာမတွေလို့ စစ်ကောင်စီက စွပ်စွဲခဲ့တာ။ အဲဒီတုန်းက သူခိုးတွေပေါ့ပြောတာ အားလုံး အသိလေ။ အခုတော့ သူတို့က ပြန်ခိုင်းနေတာ။ ဒီလုပ်ငန်းစဉ်အတွက် အကျိုးခံစားခွင့်လည်း ဘာမှမပေးပါဘူး။ နီးရာဓား ကြောက်နေတာ။ ပညာရေးဝန်ထမ်းတွေက အသုံးချခံ သက်သက်ပါ” လို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းကို စက်တင်ဘာ ၃၀ ရက် ညဉ့်သန်းခေါင်ယံ ရည်ညွှန်းချိန်လို့ သတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းတွေကို ပြည်တရပ်လုံး ပူးပေါင်းပါဝင်ပေးဖို့နဲ့ စိတ်ချယုံကြည်စွာ မေးခွန်းတွေကို ဖြေဆိုပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်မှာ ပါဝင်ပတ်သက်တာတွေမလုပ်ဖို့ လုပ်ရင် အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။