ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မှာဖြစ်လို့ မိသားစုတွေ ဘယ်မှမသွားဖို့နဲ့ စောင့်မနေပါက အရေးယူမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေေ ပြည်သူတွေကို ကူညီထောက်ပံ့တာတွေ လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့စေဖို့ဆိုပြီး တတိုင်းလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်လို့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နေအိမ်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် စာရင်းကောက်ယူဖို့ လာတဲ့အဖွဲ့ကို အိမ်ထောင်စုအကြောင်း ပြန်လည်ဖြေကြားနိုင်မယ့်သူတယောက် မဖြစ်မနေ စောင့်နေပေးဖို့ စာရွက်နဲ့ကော နှုတ်နဲ့ပါ ဖိအားပေး ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။
“အမိန့်စာနဲ့ အကြောင်းကြားထားတာ။ အိမ်မှာနေဖို့ သန်းခေါင်စာရင်းကောက်မှာဖြစ်လို့ နံနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း အိမ်မှာ လူတဦး ရှိနေရမယ်ပေါ့။ ၁၅ ရက်အတွင်းက ဘယ်နေ့ လာမယ် ဘာညာတော့ မပါဘူး။ တကယ်လို့ စာရင်းကောက်အဖွဲ့ လာလို့ အိမ်မှာမရှိရင် အရေးယူခံရမယ်တော့ ပြောတယ်။ တခါမှ မသက်သာပါဘူး” လို့ မအူပင်ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့နဲ့ နီးစပ်သူ တယောက်က “သန်းခေါင်စာရင်းကောက်တာက ရွေးကောက်ပွဲလုပ်ဖို့အတွက် ကောက်တာပါ။ သန်းခေါင်စာရင်း ကောက်တဲ့လုပ်ငန်းကို ထွေအုပ်က အဓိက ဦးစီးလုပ်တာ။ လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပညာရေး၊ လဝက၊ တပ်၊ ရဲနဲ့ ပူးပေါင်းလုပ်ပေးရတာ။ ထွေအုပ်လက်အောက်ခံ ရပ်ကျေး အုပ်ကြီးတွေကတော့ သူတို့ လုံခြုံရေးအတွက် အဆင်မပြေမှာစိုးလို့ အခုလို ကြိုအကြောင်းကြားတာတို့၊ စာရွက်ပေးပို့ ဖြည့်ခိုင်းတာတို့ လာမယ့်အချိန် အတိအကျ မပြောတာတို့က ထုံးစံအတိုင်း လူလည်လုပ်တာပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ သန်းခေါင်စာရင်းကောက်မှာကို အိမ်မှာစောင့်နေပေးဖို့ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရွက်နဲ့ အမိန့်ထုတ် ကြိုတင်အကြောင်းကြားတာအပြင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကဆင့် ပြောခိုင်းတာ၊ အုပ်ချုပ်ရေးမှူးရုံးမှာ လာလုပ်ခိုင်းတာ၊ စာရွက်ပေးဖြည့်ခိုင်းတာ၊ အရင် အိမ်ထောင်စုစာရင်းကြည့်ပြီး ပြန်လည်ဖြည့်ထည့်တာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေ လာရောက်ရင် မေးခွန်းတွေကို သေချာစွာ မှန်မှန်ကန်ကန် ဖြေဆိုပေးဖို့၊ ကြည်ကြည်ဖြူဖြူနဲ့ စိတ်ပါလက်ပါ ဖြေဆိုကြဖို့ အရပ်သားတွေကို ဖိအားပေး ပြောဆိုအကြောင်း ကြားနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်း ကောက်ယူမှုကို စာရင်းကောက်အဖွဲ့တွေက အိမ်တိုင်ရာရောက်လာပြီး ကောက်ယူမှာဖြစ်ပြီး မိဘပြည်သူတွေက မှန်မှန်ကန်ကန်ဖြေဆိုပေးမှ လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရေး မဲစာရင်း ပြုစုရန်အတွက်ပါ အရေးပါတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ သန်းခါင်းစာရင်းကောက်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောဆိုထားပါတယ်။
Photo - Su Su