Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ပေးသူများကို စစ်ကောင်စီက စရိတ်မပေးဘဲ အကြွေး မှတ်ခိုင်းထား
DVB
·
October 2, 2024
photo Crd-MOI

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ အောက်တိုဘာ ၁ ရက်ကစလို့  စစ်ကောင်စီအတွက် လူဦးရေ သန်းခေါင်းစာရင်းကောက်ပေးသူတွေဟာ စားစရိတ်နဲ့ လမ်းစရိတ်တွေကို အကြွေးစနစ်နဲ့ မှတ်ခိုင်းထားခံနေရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

စာရင်းကောက်ခံပေးသူတယောက်က “ဒီရပ်ကွက်က ကောက်ပေးရင် ဒီရပ်ကွက်မှာပဲ စာရင်းမကောက်ပေးရဘူး။ Round (လှည့်လည်) ခိုင်းနေတာ။ သင်တန်းတုန်းက လမ်းစရိတ် ကျပ် ၄၀၀၀၊ ထမင်းဖိုး ၄၈၀၀ ပေးမယ် ပြောတယ်။ လောလောဆယ် ကိုယ့်အိပ်ကိုယ်စိုက် အကြွေး။ လကုန်မှ ရမှာ။ တရပ်ကွက်ကို တရက်နှုန်းနဲ့ လုပ်ခိုင်းနေတာ။ ဒီနေ့ ကားဂိတ်၊ ရဲစခန်း၊ ဟိုတယ်၊ ဆေးရုံဘက်တွေမှာ အရင်‌ဝင်ရတယ်။ အားလုံး တက်ဘလက်( tablet)တွေနဲ့ တခါတည်း ကောက်၊ တခါတည်း register ( စာရင်းသွင်း) ရတာ”လို့ ပြောပါတယ်။

ဒီအဖွဲ့တွေမှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)၊ မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်၊ နေ့စားစာရင်းကောက်ပေးသူတွေနဲ့ လူဦးရေစာရင်း ကောက်ယူ‌မှု ကြီးကြပ်ရေးကော်မတီဝင်တွေ ပါဝင်နေသလို စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့ပါ တွေ့ရပါတယ်။

‌အောက်တိုဘာ ၁ ရက်မှာပဲ ရန်ကုန်မှာ စစ်ကောင်စီတပ်တွေ အများဆုံးရှိနေတဲ့ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပမြို့နယ်တို့မှာ  လူဦးရေနဲ့ အိမ်အကြောင်းအရာပါ အချက်အလက် ၆၈ ချက်ကို မြေပြင်ဆင်းကောက်နေသလို ရန်ကုန်မြို့တွင်း ၆ မြို့ထဲမှာလည်း လမ်းပိတ်ဆို့ကောက်ခံမှုတွေ ရှိနေပါတယ်။

ရပ်ကွက်လူဦးရေစာရင်း ကောက်ယူ‌ရေးကော်မတီဝင်တယောက်က “မြို့နယ်အတွင်း ရပ်ကွက် ၂၀ ရှိတယ်ဆိုရင် တရပ်ကွက်ကို တနေ့တည်းအပြတ် လုပ်ခိုင်းနေတာ။ တဖွဲ့မှာ ၇ ယောက်ပါတယ်။ ပထမက တရပ်ကွက်ကို ၃ ဖွဲ့လွှတ်ဖို့ ခိုင်းတယ်။ အခု ရပ်ကွက်ကြီးရင် ကြီးသလို ၅ ဖွဲ့ကနေ ၇ ဖွဲ့အထိ တပြိုင်နက်တည်း ကောက်မှာ။ လောလောဆယ် စားရေးသောက်ရေးက ဘာမှ မရသေးဘူး”လို့ ပြောပါတယ်။

ဒီစာရင်းတွေကို စစ်ကောင်စီကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲအတွက် ပြန်လည်အသုံးပြုမှာလို့ လူဦးရေစာရင်းကောက်ခံရေးအဖွဲ့တွေက ပြောပေမဲ့ မြို့ခံပြည်သူတွေကတော့ စစ်မှုထမ်းလူငယ်စာရင်းနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့အတွက် လုပ်ဆောင်နေတယ်ဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီအတွက် လူဦးရေစာရင်းတွေ ဆက်မကောက်ဖို့အတွက်  စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက်ရုံးတွေကို ရန်ကုန်မြို့ပြ UG အင်အားစုတွေက ဖောက်ခွဲသတိပေးခဲ့လို့ ရပ်ကွက်လူကြီးတွေအပါအဝင် လူ ၁၁ ယောက်  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013