UWSA “ဝ”တပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တန့်ယန်းမြို့မှာ စစ်ကောင်စီတပ်က သန်းခေါင်စာရင်းတွေ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇွန် ၂၈ ရက်က စတင်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
၁၀၂၇ ဒုတိယပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းတွေရှိတဲ့ တန့်ယန်းမြို့ကို UWSA “ဝ”တပ်ဖွဲ့က ဇူလိုင် ၁၀ ရက်နေ့မှာ အင်အားထောင်နဲ့ချီဝင်ရောက်တပ်စွဲခဲ့ပါတယ်။
အဲဒီလို ‘၀’ တပ်ဖွဲ့ တပ်စွဲထားတဲ့ တန့်ယန်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစပြီး သန်းခေါင်စာရင်းကောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ခရိုင် ၇ ခရိုင်၊ မြို့နယ်ပေါင်း ၂၄ မြို့နယ်ရှိပါတယ်။ အဲ့ဒီထဲက မြို့နယ် ၁၈ ခုကို တိုင်းရင်းသားတပ်တွေက အပြည့်အဝထိန်းချုပ်ထားပြီး ကျန်တဲ့ ၆ မြို့နယ်မှာတော့ နယ်မြေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားပါတယ်။
တိုင်းရင်းသားတပ်တွေ နယ်မြေရာခိုင်နှုန်းအများစု စိုးမိုးထားတဲ့ မူဆယ်၊ မိုင်းရယ်၊ တန့်ယန်း စတဲ့မြို့နယ် ၃ ခုမှာတော့ အထိုင်တပ်ရင်းနဲ့ မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်ကောင်စီက ညှိုနှိုင်းထိန်းချုပ်ထားနိုင်တာပါ။
လက်ရှိ မူဆယ်မြို့ပေါ်ရပ်ကွက်တွေမှာလည်း သန်းခေါင်စာရင်းကောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တနိုင်ငံလုံးအတိုင်းအတာအရ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ခံနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်မှုယန္တရား လုံးဝမရှိတော့တဲ့ နယ်မြေတွေမှာတော့ သန်းခေါင်စာရင်းကောက်ခံနိုင်တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကောက်ခံတဲ့ သန်းခေါင်စာရင်းကို ကောက်ပေးသူတွေကို အရေးယူသွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ခွန်ဇော်ဦး