ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စစ်ကောင်စီက အောက်တိုဘာ ၅ ရက်နဲ့ ၆ ရက် ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးထပ်ကြဲလို့ အဆောက်အဦ အများအပြား ပျက်စီးသွားပြီး ထိခုက်ဒဏ်ရာရသူရှိကြောင်း ဒေသခံတွေနဲ့ MNDAA ဘက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “လားရှိုးမှာ အောက်တိုဘာ ၆ ရက် နေ့လယ် ၁ နာရီ ၃၆ မိနစ်က ရပ်ကွက် ၅ အထက် မန်အိုင်မှ လေယာဉ်ဗုံး နှစ်လုံး ထပ်ကြဲခံရပါတယ်။ အဆောက်အဦ ပျက်စီးပြီး လူတဦး မစိုးရိမ်ရ ဒဏ်ရာရပါတယ်”လို့ ပြောပါတယ်။
လေယာဉ်ဗုံးကြောင့် လားရှိုး၊ ရပ်ကွက် ၅၊ အထက်မန်အိုင် ဘုန်းကြီးကျောင်းအနီးက သုံးထပ်တိုက်အိမ်တလုံး၊ နှစ်ထပ်တိုက်အိမ်တလုံးနဲ့ အနီးအနားရှိ နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီ ခွဲဝန်းကျင်ခန့်က လားရှိုးမြို့၊ ကွန်ပျူတာ တက္ကသိုလ်အနား မယ်ဟန်ရွာမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီရမ်ချန်နယ်မှာတော့ အောက်တိုဘာ ၅ ရက်က လားရှိုးမြို့ မယ်ဟန်ရွာရှိ ကွန်ပျူတာတက္ကသိုလ်အနီးမှာ ပုန်းနေကြတဲ့ အကြမ်းဖက် MNDAA အဖွဲ့ကို လေယာဉ်ဖြင့် ဗုံးကြဲချေမှုန်းခဲ့ကြောင်းနဲ့ အောက်တိုဘာ ၆ ရက်ကလည်း လားရှိုးက MNDAA တွေ ဝင်ရောက်ခိုအောင်းနေထိုင်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်ကို ဗုံးကြဲ ရှင်းလင်းခဲ့ကြောင်း ရေးသားထားပါတယ်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ လားရှိုးမြို့၊ ရပ်ကွက် ၅၊ အထက် မန်အိုင်ကုန်းပေါ် ရှိ ဘုန်းကြီးကျောင်းအနီးက လူနေအိမ်ပေါ် အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၆ မိနစ်က လေကြောင်းနဲ့ ပေါက်ကွဲအားပြင်း ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးဒဏ်ကြောင့် သုံးထပ်တိုက်အိမ်တလုံးနဲ့ နှစ်ထပ်တိုက်အိမ်တလုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူတစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှ ၃၅ မိနစ်အကြား စစ်ကောင်စီက လားရှိုးမြို့၊ မယ်ဟန်ဘက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး မယ်ဟန် ကွန်ပျူတာတက္ကသိုလ် အနီးတဝိုက် ဗုံးများစွာ ကျရောက်ခဲ့ကာ တက္ကသိုလ်ရဲ့ အဆောင် ပြတင်းပေါက် အများအပြား ကွဲအက်သွားကာ အနီးအနားရှိ အိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီခန့်ကစ သတင်းပို့သူရှိလို့ လေကြောင်းတိုက်ခိုက်မှု ပိုဆိုးရွားလာတယ်ဆိုပြီး MNDAA ဘက်က ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပြီးနောက် အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာတော့ ရပ်ကွက် တချို့မှာ တပ်ဆင်အသုံးပြုနေတဲ့ Star Link စက်တွေကိုပါ လိုက်လံဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်တဲ့ လားရှိုးကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေမဲ့ နေ့ရော ညပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု နေစဉ်လိုလို လုပ်လာတာကို တွေ့ရပါတယ်။