Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ဖိအားပေး စုဆောင်းခံရသူ စစ်မှုထမ်းများ လစာအပြည့်မရ
DVB
·
October 6, 2024
Photo - HH

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ ဖိအားပေး စစ်သား စုဆောင်းခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းလစာထုတ်ပေးရာမှာ ပေးမယ်လို့ပြောထားတဲ့ နှုန်းထားအတိုင်း မပေးဘူးလို့ စစ်မှုထမ်း မိသားစုတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအပါအဝင် စစ်မှုထမ်းဆောင်မယ့် တပ်သားတယောက်ကို အနည်းဆုံး တလကို ကျပ် ၅ သိန်း ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် လစာထုတ်ရတဲ့ စစ်မှုထမ်း တပ်သားတယောက်ကို စစ်ကောင်စီက လစာ ၁၂၀,၀၀၀ အထိပဲပေးတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စစ်မှုထမ်း မိသားစုဝင်တယောက်က “ရချင်လို့ပြောတာမဟုတ်ဘူး။ စစ်ကောင်စီ တပ်ထဲလည်း ဝင်ချင်လို့ဝင်တာ မဟုတ်ပါဘူး။ အတင်းဖိအားပေး မိသားစုနဲ့ ခြိမ်းခြောက်လို့ ဝင်ခဲ့ရတာ။ အခု ကလေးကို လစာထုတ်ပေးတော့ အပြောနဲ့အလုပ် မညီလို့ ပြောရတာ။ စက်တင်ဘာလအတွက်တဲ့ ငွေ ၁၂၀,၀၀၀ ပေးတယ်။ ဒီလစာက ဘာလုပ်လို့ရမလဲ ဒီခေတ်၊ ဒီဈေးနှုန်းတွေနဲ့။ ဒါနဲ့ ၅ သိန်း ပေးမှာ ဘာညာနဲ့ စကစ ‌ေ-ာက်တလွဲတွေချည်းပဲ။ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီခန့် ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ ဘီယာဖိုး ဖိနပ်ဖိုးတောင်မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဝန်ထမ်းတယောက်ကလည်း အဲဒီလိုတွေဖြစ်နေတာ ဟုတ်မှန်ကြောင်းပြောပါတယ်။

“လစာ ကိစ္စတွေက ကာကွယ်ရေးဦးစီးချုပ်ရုံးက အဓိကကိုင်တာ။ အောက်ခြေမှာတော့ ဗိုလ်မှူးတွေ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်ကြီးတွေက ထုတ်ပေးရတာပေါ့။  ဘာတွေ ဘယ်လို ပုံစံ လုပ်နေတယ်ဆိုတာကတော့ သူတို့ စစ်ကောင်စီတပ် အရာရှိတွေ ကိုယ်တိုင်ပဲ သိလိမ့်မယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ထွေအုပ်ရုံးနဲ့ လဝကရုံးတို့ ပူးပေါင်းပြီး အတင်းဖိအားပေး စစ်သားစုဆောင်းခံရသူများပြီး လက်ရှိ စစ်ကောင်စီပေးတဲ့ စစ်မှုထမ်းလစာကို မိသားစုတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ကိုယ့်အခွင့်အရေး အဆုံးရှုံးမခံနိုင်တာ၊ စစ်ကောင်စီရဲ့ အပြောတမျိုးအလုပ်တမျိုး လုပ်ရပ်ကို အများသူငါ သိစေချင်တာလို့ ဆိုပါတယ်။

စစ်မှုထမ်းမိသားစုဝင် နောက်တယောက်က “အစ်မ မောင်လေးကို စစ်မှုထမ်းထဲကို အုပ်ချုပ်ရေးမှူးက သူနဲ့အဆင်မပြေလို့ အတင်းထည့်လို့ ဝင်ခဲ့ရတာ။ သူတို့ လစာစားဖို့ဝေးလို့ စိတ်လည်းမဝင်စားဘူး။ ပြည်သူကိုထပ်ခါ ထပ်ခါလိမ်နေလို့ မခံနိုင်တော့လို့ ပြောတာ။ ထုတ်မပြောဖို့ သူတို့က ခြိမ်းခြောက်သေးတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းလစာ ထုတ်ယူသူ မိသားစုတွေအနေနဲ့ လစာထုတ်ယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြင်ပမှာ ထုတ်ပြောဆိုတာတွေမလုပ်ဖို့ ဗိုလ်ကြီး ဆိုသူတွေက မှာထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013