Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သန်းခေါင်စာရင်း မေးခွန်းလာမဖြေက အရေးယူမည်ဟု ခြိမ်းခြောက်
DVB
·
October 6, 2024
Photo - MMK

ဧရာဝတီတိုင်းမှာ သန်းခေါင်စာရင်းအတွက် မေးခွန်းတွေကို ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လာဖြေရမှာဖြစ်ပြီး မဖြေရင် ဖမ်းဆီးအရေးယူမယ်လို့ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သတ်မှတ်ကောက်ယူနေတာမှာ လုံခြုံရေးအခြေအနေကြောင့်ဆိုပြီး ဒေသခံ အရပ်သားတွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ မေးခွန်းလာရောက်ဖြေဆိုဖို့ ဖိအားပေးခေါ်ယူနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဒေသခံတယောက်က “ဘယ်လို အရေးယူမလဲတော့ မသိဘူး။ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ခေါ်တာ။ သန်းခေါင်စာရင်း မေးခွန်း လာဖြေပေါ့။ ခဏလာဖြေခိုင်းတာပေါ့၊ ဘာဖြစ်သွားမှာလဲ ပြောတာ။ မလာရင် ဖမ်းဆီးအရေးယူမယ်ပေါ့။ တကယ့်ကို မလွယ်ဘူး။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက လာပြောတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ကြံခင်း၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်၊ ဇလွန်၊ မြန်အောင်၊ ဓနုဖြူ၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ မအူပင်၊ ပန်းတနော်၊ ပုသိမ် စတဲ့ ဒေသတွေက ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းမေးခွန်း ဖြေပေးဖို့ကို အဓိက ဖိအားပေးလုပ်နေတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ ယှဉ်တဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးဖို့ ရခိုင်ပြည်နယ်ကတဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အခုလိုလုပ်နေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “PDF တွေဝင်လာတယ်ဆိုပြီး သတင်းရလို့ အခုလို လုပ်တာလို့ သိရတယ်။ တချို့နေရာတွေကျတော့ ရပ်ကျေးအုပ်ကြီးတွေက ကိုယ့်သဘောနဲ့ ကိုယ် လျှောက်လုပ်နေတာ။ ဒဲ့ပြောရရင်တော့ ကြောက်လို့ လုပ်တာပေါ့။ တည်ငြိမ်တဲ့ဒေသကို မတည်ငြိမ်အောင်လုပ်တာက စကစ ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းထဲက သူတို့ အဆင်ပြေတယ်လို့ ယူဆတဲ့ နေရာဒေသတွေမှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ မီးသတ်၊ ပြည်သူ့စစ်နဲ့ အရပ်ဝတ် လက်နက်ကိုင် ၄ ယောက်ထက် မနည်း လုံခြုံရေးယူပြီး သန်းခေါင်စာရင်း ကောက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက် အတွင်း သန်းခေါင်စာရင်းမေးခွန်းဖြေဖို့အတွက် နေအိမ်မှာ လူတယောက်စီ အနည်းဆုံး စောင့်နေပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်က အကြောင်းကြားထားခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013