ရန်ကုန်မြို့မှာ သန်းခေါင်စာရင်းကို အိမ်စေ့မဟုတ်ဘဲ ရွေးကောက်တာ၊ မြန်မြန်ပြီးပြတ်ဖို့အတွက် မေးခွန်းအနည်းငယ်ကိုပဲ ဟန်ပြမေးမြန်းတာမျိုးတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
သန်းခေါင်စာရင်း ကောက်သူတချို့က အဆင်ပြေတဲ့အိမ်ကိုပဲ ဝင်ရောက်ကောက်ယူပြီး လူဦးရေနဲ့ အလုပ်အကိုင်၊ ဝင်ငွေလောက်ကိုပဲ မေးမြန်းတာမျိုးလုပ်ပြီး ကျန်မေးခွန်းတွေကို သူ့သဘောနဲ့သူ ဖြည့်ယူတာမျိုးလုပ်နေတာလို့ ဆိုပါတယ်။
ကမာရွက်မြို့နယ်မှာနေထိုင်သူတယောက်က “တတိုက်လုံးမှာ မြေညီထပ်အခန်းတခန်းပဲ ကောက်သွားတယ်။ တခြားတိုက်တွေလည်း အခန်းစေ့ဝင်မသွားဘူး ပြောတယ်။ မေးတာလည်း ခဏပဲ။ လူဘယ်နှယောက်ရှိလဲ၊ ဝင်ငွေ ဘယ်လောက်ရှိလဲ ဆိုတာမျိုးလောက်ပဲ” လို့ ပြောပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူတဦးကလည်း သန်းခေါင်စာရင်းလာကောက်မယ်လို့ အကြောင်းကြားထားတာကြောင့် စောင့်ဆိုင်းနေခဲ့ပေမဲ့ ရောက်မလာဘဲ ကျော်သွားတယ်လို့ ဆိုပါတယ်။
“အောက်အခန်းတွေ ကောက်သွားတယ် ပြောတယ်။ ရောက်မလာလို့ အောက်ဆင်းစုံစမ်းမှ လာသွားပြီးပြီလို့ သိရတာ။”
စစ်ကောင်စီက ကောက်ယူနေတဲ့ သန်းခေါင်စာရင်းမှာ မေးခွန်းပေါင်း ၆၀ ကျော်ပါဝင်ပြီး မေးခွန်းခွဲ ၁၀၀ ကျော်ရှိတယ်လို့ ကနဦးထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီသန်းခေါင်စာရင်းကို အောက်တိုဘာ တရက်က စတင်ကောက်နေတာဖြစ်ပြီး ၁၅ ရက်နေ့အထိ ကောက်သွားမှာလို့ ထုတ်ပြန်ထားပါတယ်။
ဒီသန်းခေါင်စာရင်းကောက်တာဟာ ရွေးကောက်ပွဲမဲစာရင်း မှန်ကန်အောင်ပြုစုနိုင်ရေးအတွက် ရည်ရွယ်တယ်လို့ စစ်ကောင်စီက အကြောင်းပြထားပေမဲ့ မြေပြင်မှာ အဆင်ပြေသလို ကောက်ယူတာတွေ ရှိနေတာကြောင့် မဲစာရင်းမှန်ကန်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
မြေပြင်မှာ သန်းခေါင်စာရင်းကောက်သူတွေအနေနဲ့ လုံခြုံရေးစိုးရိမ်ရတာကြောင့် မြန်မြန်ဆန်ဆန် ပြီးပြတ်အောင်လို့ပဲ လုပ်ဆောင်နေပြီး အချက်အလက်တွေကို စိတ်ကြိုက်ထည့်သွင်းတာတွေ လုပ်နေကြတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိ သန်းခေါင်စာရင်းကောက်ယူတာမှာ အရင်လို စက္ကူပုံစံစာရွက်ပေါ်မှာ ခဲတံနဲ့ ရေးမှတ်တာမျိုးမဟုတ်ဘဲ တက်ဘလက်ကနေ အချက်အလက်တွေဖြည့်ပြီး ဆာဗာထဲကို ပေးပို့တဲ့စနစ်နဲ့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။