ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာမှာ စစ်မှုထမ်းကိစ္စကိုပါ ထည့်သွင်းမေးမြန်းသလို ပြန်လာခိုင်းတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်းကောက်နေတာဖြစ်ပြီး ကောက်ယူတဲ့အချိန်မှာ စာရင်းလိုက်မှတ်သူအပြင် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်လည်း လက်နက်အပြည့်အစုံနဲ့ လိုက်ပါလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “စာရင်းကောက်တဲ့အချိန် နာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပတ် ယူသွားတဲ့အပြင် စစ်မှုထမ်းပြီးပြီလား၊ မထမ်းရသေးဘူးဆိုတာလည်းမေးပြီး မှတ်ချက်မှာ မှတ်သွားတယ်။ အဲဒါတွေကြောင့် ဒေသခံလူငယ်တွေ၊ သားရှိတဲ့မိဘတွေ စိုးရိမ်နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မလိုအပ်တဲ့မေးခွန်းတွေ မေးတဲ့အပြင် ဒေသခံတွေကိုလည်း ဆဲဆိုတာ၊ ကန်တာတွေလည်း လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဒီဘက်က တိုင်းရင်းသားဆိုတော့ သူတို့မေးတာ ကောင်းကောင်း မဖြေနိုင်တဲ့အခါ ရစ်တယ်၊ ဆဲဆိုတယ်။ နောက်ပြီး သူတို့က ကန်တာမျိုးလည်းရှိတယ်။ ဒေသခံတွေကိုလည်း တရားခံစစ်သလို စစ်တယ်။ နောက်ပြီး အဝေးက အလုပ်သွားလုပ်တဲ့သူ အိမ်မှာ မရှိတဲ့သူဆို သူတို့က ဘယ်သွားတာလဲ ဘာလုပ်တာလဲမေးတယ်။ နောက်ပြီး ၃ လအတွင်း အိမ်ပြန်လာခိုင်းတယ်” လို့ ပြောပါတယ်။
ရွာငံမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီ တပ်သားတွေကို နွေးနွေးထွေးထွေးကြိုဆိုဖို့နဲ့ စားသောက်ဖွယ်ရာတွေပါ ပြင်ဆင်ထားဖို့ ဒေသခံတွေကို မှာကြားထားပြီး ဒေသခံတွေတော့ အခုလိုကြုံရတာတွေကြောင့် ကြောက်လန့် စိုးရိမ်နေကြရပါတယ်။