Home
မြန်မာသတင်း
ရေဘေးပြန်လည်ထူထောင်ရေး ဦးစားပေးမလုပ်ဘဲ သန်းခေါင်စာရင်းကောက်ယူနေ
DVB
·
October 4, 2024

စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကို ဦးစားပေး မလုပ်ဆောင်ဘဲ သန်းခေါင်စာရင်းကောက်ဖို့ကို အဓိက လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။

စက်တင်ဘာ ဒုတိယပတ်ထဲမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ယာဂီ မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာ ရေကြီးရေလျှံတာ မြေပြိုတောင်ပြိုတာတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၄၀၀ ကျော် သေဆုံးကာ အများအပြားပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ နေရာဒေသတွေကို ပြန်လည်ထူထောင်ရေး ဦးစားပေး လုပ်ဆောင်နိုင်တာမရှိသေးဘဲ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ဖို့ကိုပဲ လုပ်ဆောင် နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးမြေပြိုမှုကြောင့် ရွာလုံးကျွတ် ရွှံ့နွံတွေအောက်ရောက်ခဲ့ရတဲ့ တောင်ငူမြို့ထဲက ကျေးရွာတွေကို ပြန်လည်ထူထောင်ဖို့ မလုပ်ဆောင်ပေးဘဲ မြို့ပေါ်နဲ့ အနီးအနားက ရေကြီးမှုဒဏ် ကြီးကြီးမားမားမခံရတဲ့ နေရာတွေမှာတော့ နေ့ရောညပါ သန်းခေါင် စာရင်းကောက်ယူနေတယ်လို့ ရေဘေးသင့်ခဲ့ရတဲ့ တောင်ငူမြို့နယ်ထဲက ကျေးရွာဒေသခံက ပြောပါတယ်။

“တောင်ငူမြို့ပေါ်မှာ နေ့ရောညပါ သန်းခေါင်စာရင်းတွေ လိုက်ကောက်နေတာ။ သူတို့ မြို့ပေါ်မှာတော့ကောက်နေတယ်။ ရဲတွေရယ်၊ စစ်သားတွေရယ် ရပ်ကွက်ပြည်သူ့စစ်တွေရော ကျောင်းဆရာ ဆရာမတွေရော အကုန်ပါတယ်။ ရေဘေးသင့်တဲ့နေရာတွေတော့ လောလောဆယ်မရောက်သေးဘူး။ လာလှူရင်လည်း သူတို့ကို အကြောင်းကြားရပြီး သူတို့ခွင့်ပြုမှပဲ လာလှူလို့ရတယ်၊  နောက်သူတို့ခွင့်ပြုတဲ့ နေရာကိုပဲ လှူလို့ရတယ်။ ဒီမှာရေဘေးဒုက္ခသည်တွေက တော်တော်ဒုက္ခရောက်တာပေါ့၊ စားစရာတွေလောက်ပဲ လှူနိုင်တယ်။  ပြန်လည်ထူထောင်ရေးအတွက် ဘာမှမလုပ်ပေးနိုင်ဘူး။”

ဒါ့အပြင် စစ်ကောင်စီထိမ်းချုပ်စိုးမိုးနိုင်တဲ့ ဒေသတချို့မှာ သန်းခေါင်စာရင်း ကောက်ယူတာကို အဖြစ်သာ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

ဝန်ထမ်းတွေက အိမ်ထောင်စုတိုင်းကို  စနစ်တကျကောက်ယူတာ သန်းခေါင်စာရင်းမေးခွန်းပါ အချက်အလက်တွေကို မေးမြန်းတာတွေ မလုပ်‌ဆောင်ဘဲ အပေါ်ယံမေးခွန်းတွေပဲ မေးသွားတယ်လို့ မော်လမြိုင်မြို့အနီးကကျေးရွာဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ ဟန်ပြသက်သက် ဖြစ်ပြီး တရားဝင်မှုတွေ အချက်အလက်မှန်ကန်ဖို့ ဂရုမစိုက်ဘူးလို့ အရပ်သားအစိုး ရလက်ထက်တုန်းက  သန်းခေါင်းစာရင်းကောက်ယူမှုမှာ ပါဝင်စောင့်ကြည့်ခဲ့တဲ့  စောင့်ကြည့်လေ့လာတဲ့အဖွဲ့တခုရဲ့  အဖွဲ့ဝင်တယောက်က သုံးသပ်ပါတယ်။

“သန်းခေါင်စာရင်းကောက်တာက ကောက်တယ်ဆိုတဲ့အမည်ခံလောက်ပဲပြတာပေါ့။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲကိုသွားနေတဲ့လမ်းကြောင်းပေါ်ကို ကျနော်တို့ရောက်နေပါပြီ ဆိုတာကို တရုတ်အပါအဝင် နိုင်ငံတကာ အသိုက်အဝိုင်းကိုပြချင်တဲ့ သဘောလောက်ပဲ ရှိတယ်။ တကယ်က ဒီသန်းခေါင်စာရင်းက ဒေတာအတိအကျရဖို့တို့ မှန်ကန်ဖို့တို့ သူတို့ခေါင်းထဲသိပ်ထည့် တာမဟုတ်ဘူးပေါ့။ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ လူထုက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ  သူတို့က ဒါကို လုပ်မှာပဲ။ အဓိကက နိုင်ငံတကာဖိအားနဲ့တရုတ်ကို မျက်နှာချိုသွေးဖို့ပဲ ဒါကိုပြချင်တဲ့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို သွားနေတယ်ဆို တာကိုပဲ သန်းခေါင်စာရင်းက လုပ်တာပေါ့။”

စစ်ကောင်စီထိန်းချုပ် စိုးမိုးနိုင်တာမရှိတဲ့ ဒေသတွေမှာတော့ သန်းခေါင်းစာရင်းကောက်ယူနိုင်တာ မရှိပေမဲ့ AA ထိမ်းချုပ်ထားတဲ့ သံတွဲမြို့အနီးက တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါဘဲ အောက်တိုဘာ ၁ ရက်ကနေ ၁၅ အထိ ကောက်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013