စစ်ကောင်စီကဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေမှာ ရပ်ကွက်လူမိုက်တွေနဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေပါ ပါဝင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူနေတာဖြစ်ပေမဲ့ စက်တင်ဘာလကတည်းက စာရင်းကောက်ယူရေးနဲ့ ရပ်ကွက်လုံခြုံရေးအတွက် အဖွဲ့ဝင်တွေအဖြစ် တရပ်ကွက်ကို လူ ၁၀ ယောက်နှုန်းနဲ့ ဘေးတွဲမောင်းသူစာရင်းကိုပါ ကြိုတင်ကောက်ယူထားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတယောက်က “စာရင်းလာကောက်တာ လူမိုက်တွေပါခေါ်လာတယ်။ နံပါတ်တုတ်လိုမျိုးရော၊ ဝါးဆစ်တုတ်လိုမျိုးတွေရော ကိုင်လာတာ။ စာရင်းကောက်ပေးတာ မိန်းကလေးတွေ။ သူတို့ လုံခြုံရေးအတွက် လိုက်လာတာ ဘေးတွဲသမားနဲ့ လူမိုက်တွေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်မတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်တွေရဲ့ လမ်းဆုံ၊ ဓမ္မာရုံ၊ ဘူတာ၊ ကားမှတ်တိုင်တွေမှာ သေနတ်ကိုင် စောင့်နေကြသလို ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေတာတွေပါ ရှိနေပါတယ်။
သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်တယောက်က “ရဲတွေအင်အားနဲ့ မလောက်တော့ ညတိုင်း ၈ နာရီကနေ ၁၂ နာရီ အထိ ဘေးတွဲသမားတွေ ကင်းစောင့်ပေးရတယ်။ တနေ့ ၈,၈၀၀ နှုန်းနဲ့ စရိတ်ပြန်ပေးတဲ့စာရင်းမှာတော့ သူတို့မပါဘူး။ ၇ ဦးပါ တဖွဲ့ဆိုရင် ကြီးကြပ်ရေး လဝက အမျိုးသမီး ၁ ဦးနဲ့ တက်ဘလက်(Tablet)ကိုင် အမျိုးသမီး ၃ ဦး၊ ကျန် ၃ ဦးက ဘေးတွဲသမားလည်း ပါတယ် လူမိုက်လိုလို ကောင်တွေလည်း ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ကောက်ယူနေတဲ့ ၆၈ ချက်ပါ သန်းခေါင်စာရင်းမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ထုတ်ပြရတာမျိုးမရှိပေမဲ့ အရပ်သားတွေရဲ့ ကား၊ အိမ်၊ ဖုန်း၊ ဆင်းမ်ကတ်အမျိုးအစားနဲ့ နံပါတ်၊ ကွန်ပျူတာ စတဲ့ ပိုင်ဆိုင်မှုတွေအပြင် လိင်၊ အိမ်ထောင်နဲ့ သားသမီး ရှိ/မရှိ၊ ပညာအရည်အချင်း၊ ဝိုင်ဖိုင်တပ်ဆင်မှု၊ ကျန်းမာရေးအခြေအနေ၊ ပညာမသင်ရခြင်း အကြောင်းတွေထဲမှာ CDM ဟုတ်/မဟုတ် ရည်ညွှန်းထားတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။