ဧရာဝတီတိုင်းကနေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကား လမ်းချော်တိမ်းမှောက်လို့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို စစ်ကား ၈ စီးနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းက စစ်ကား ၂ စီး အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ငါးသိုင်းချောင်းကနေအတက် အမြောက်တပ်ဂိတ်အလွန် သစ်ဆန်း ၁ နဲ့ သစ်ဆန်း ၂ မိုင်တိုင်နှစ်ခုကြားရှိ လမ်းပေါ်မှာ တိမ်းမှောက်သွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “လမ်းတွေကလည်း ကျဉ်းပြီး အကွေ့အကောက် များတော့ မိုးကလည်းရွာနေတော့ အရှိန်လွန်ပြီး မိုင်တိုင်နှစ်ခုကြားမှာ ကားမှောက်တာ။ စစ်ကူတက်သွားတဲ့ ကားတွေထဲက မှောက်တာ။ ၆ ယောက် သေပြီး အတော်များများ ဒဏ်ရရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်သားအများစု ရခိုင်ပြည်နယ် တိုက်ပွဲတွေဆီ အပို့ခံနေရပြီး တပ်ရင်းလိုက် သေဆုံးမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီဟာ တပ်တွေရဲ့ ထုတ်နုတ်အင်အားတွေနဲ့ သင်တန်းဆင်း တပ်သားသစ်တွေကိုပါ ပို့ပေးနေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ် မိသားစုဝင်တယောက်က “စစ်ကားမှောက်တယ်လို့ပဲ သိရတယ်။ တပ်ထဲမှာ ဘာမှပေးမသိသေးဘူး။ စစ်ကူတက်သွားတဲ့ကားတွေ ပြန်လှည့်လာတာကိုလည်း တွေ့ရတယ်။ အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ တချို့ကိုလည်း တွေ့တယ်။ ပထမ ဖြတ်တိုက်ခံရတယ် ထင်တာပေါ့။ ညနေဘက်ရောက်တော့ ကားမှောက်တယ်လို့ သိရတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်ကူသွားတဲ့ကား ၂ စီး တိမ်းမှောက်ခဲ့တဲ့အတွက် စက်တင်ဘာ ၆ ရက် ညနေအထိ ရိုးလမ်းပေါ်မှာ ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ဆိုကာ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ပင်ထားခဲ့တယ်လို့ သိရပါတယ်။
သံတွဲမြို့ဘက်ကနေ သံတွဲ-ဂွ ကားလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် စစ်ကြောင်းတွေဟာ သံတွဲတောင်ဘက် မိုင် ၂၀ အကွာ ကျိန္တလီမြို့ကို လွန်လာပြီး ဒယ်ဘုတ်၊ ကြွေချိုင်ဘက်ကို ရောက်ရှိလာပြီဖြစ်လို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်တွေ အသုံးပြုပြီး အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ စစ်ရေးစောင့်ကြည့်တဲ့ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။