စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်ကြားမှာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ဖလပ်သံခွံ ၂ စီးကို တော်လှန်ရေးအင်အားစုတပ်တွေက အောက်တိုဘာ ၆ ရက် နေ့လယ် ၁ နာရီခွဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြွေရွာ၊ မြောက်ချွန်းရွာ၊ တောင်ကိုးလုံးနဲ့ ဆင်ချည်တိုင် အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ကြွေရွာဒေသခံတယောက်က ပြောပါတယ်။
“စစ်ဖလပ်ခွံက ၂ စီးပါ၊ မင်းကင်းမြို့ကနေ ပြည်သူ့ဖလပ်ခွံ ၂ စီးကို ချောဆွဲပြီး ဆန်လာတာ။ သူတို့ ဖလပ်ခွံတွေ ဆန်လာရင် တိုက်ပွဲဖြစ်တော့မယ်ဆိုတာ ကြိုသိနေတယ်။ ကျနော်တို့ ထင်ထားတဲ့အတိုင်းပဲ စစ်ဖလပ်ခွံတွေကို ပြည်သူ့ကာကွယ်ရေးတပ်က မြစ်ကမ်းပေါ်ကနေ ကြိုတင်နေရာယူပြီး ပစ်ခတ်တယ်။ ကျနော်တို့ မြစ်ကမ်းဘေးကျေးရွာက ပြည်သူတွေ ယာယီကျေးရွာအတွင်းကနေ စစ်ဘေးရှောင်ကြရတယ်။ စစ်ဖလပ်ခွံတွေ ကျနော်တို့ရွာတွေ ကျော်သွားပြီဆိုတာနဲ့ ရွာထဲပြန်ဝင်နေကြရတယ်။”
ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ ဖလပ်သံခွံ ၂ စီးကို မင်းကင်းမြို့နယ် တပ်ရင်း ၁ နဲ့ မင်းကင်း ပကဖ အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မင်းကင်းမြို့နယ် အမှတ် ၁ ပကဖ တာဝန်ခံက ပြောပါတယ်။
“တိုက်ပွဲက ၁ နာရီနီးပါးခန့် ကြာတယ်။ ကျနော်တို့ရဲဘော်တွေ ပစ်ခတ်လို့ စစ်ဖလပ်သံခွံပေါ်က သဲအိတ် banker ၁ လုံး ပျက်စီးသွားတယ်။ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ရသွားတယ်။ ကျနော်တို့ဘက်ကတော့ တဦးမှ ဒဏ်ရာရရှိသူ မရှိဘူး။”
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိသွားတာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာ နယ်မြေခံရဲစခန်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်တိုဘာ ၅ ရက် ည ၇ နာရီက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်အသုံးပြု ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်နယ်ဒေသခံတယောက်က “တိုက်ပွဲက ညပိုင်းဖြစ်ကြတာရှင့်။ လေယာဉ်နဲ့ ဗုံးကြဲတာက ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ လာကြဲသွားတယ်။ ကြဲတဲ့ ဗုံးသီးက ၂ လုံးရှင့်။ ပထမအကြိမ်မှာ တလုံး၊ ဒုတိယအကြိမ်မှာ တလုံး၊ စုစုပေါင်း ၂ လုံး ကြဲချခဲ့တယ်။ မတ္တရာဘက်ကနေလည်း ဟောင်ဝစ်ဇာလို့ခေါ်တဲ့ ၁၂၀ မမနဲ့ ၂ လုံး ပစ်ခတ်သေးတယ်။ ပြည်သူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။
ရှိမ်းမကားရွာ နယ်မြေခံရဲစခန်းကို ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့၊ နယ်မြေခံပကဖ၊ မြွေပွေးအဖွဲ့၊ တိုက်နယ်ပကဖ၊ လျှပ်စီးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာလို့ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“တိုက်ပွဲက ည ၇ နာရီကနေ ည ၁၂ နာရီအထိ အနီးကပ်တိုက်ပွဲဖြစ်တာ။ တိုက်ပွဲရည်ရွယ်ချက်က စခန်းသိမ်းတိုက်ပွဲအဖြစ် ရည်ရွယ်တာပဲဗျာ။ သူတို့ဘက်က လေယာဉ်နဲ့ရော၊ ၁၂၀ မမနဲ့ရော ပစ်ခတ်လို့ နောက်ပြန်ဆုတ်လိုက်ရတယ်။ တိုက်ပွဲအတွင်း ကျနော်တို့ဘက်က ရဲဘော် ၁ ဦး ကျည်စထိမှန်တာ ရှိတယ်။ ရန်သူဘက်ကတော့ အထိအခိုက် မသိရသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာ ရှိမ်းမကားရွာနားကို စစ်တပ်က ကင်းထောက်ဒရုန်းတွေနဲ့ ထောက်လှမ်းနေတာကြောင့် ဒေသခံစစ်ဘေးရှောင်တွေဟာ ထပ်ပြီး စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။