စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တောင်ခြမ်းကို အောက်တိုဘာ ၅ ရက်က စတင်ပြီး ဒီနေ့ အောက်တိုဘာ ၇ ရက်အထိ စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဘုတလင်ပြည်သူတွေထံကနေ သိရပါတယ်။
“စစ်ကြောင်းက နမခ စစ်တပ်ကနေ ရေအိုးစဉ်ဂိတ်ကိုဖြတ်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲ စထွက်လာတယ်လို့ ကာကွယ်ရေးတပ်တွေက ကျနော်တို့ရွာသားတွေကို အသိပေးလို့ နေရပ်စွန့်ခွာနေရတယ်။ စစ်ကြောင်းထိုးတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်အထိ ရှိနေပြီ။ ကျနော်တို့ ဇီးတောရွာကိုတော့ စစ်ကြောင်းဖြတ်သန်းသွားပြီဖြစ်လို့ စစ်ဘေးရှောင်နေတဲ့ နေရာကနေ ရွာထဲပြန်ဝင်ပြီး နေကြတယ်။”
စစ်ကောင်စီစစ်ကြောင်းက နှောပင်ရိုး၊ ကန်ဆွယ်၊ ဇီးတောက ပြည်သူ ၁၅ ယောက်ကိုလည်း စစ်ကြောင်းအတွင်း ခေါ်ဆောင်သွားပြီး ဒီနေ့ အောက်တိုဘာ ၇ ရက်အထိ ပြန်လွှတ်မပေးသေးဘူးလို့လည်း သိရပါတယ်။
ဘုတလင်ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုလေလှိုင်းက “ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့က ပြည်သူထွက်ပြေးနေတဲ့ ရွာတွေက ယုန်လေးကုန်းရွာ၊ သန်းပတောရွာ၊ ဆုံကုန်းရွာ၊ ကံဆွယ်ရွာ စတဲ့ကျေးရွာက ပြည်သူတွေ ဖြစ်တယ်ဗျ။ ကျနော်တို့ စစ်ကြောင်းနဲ့ပတ်သက်လို့ သိထားရတာက ဘုတလင်တောင်ခြမ်းက ကျေးရွာအကုန်လုံး စစ်ကြောင်းထိုးမယ်။ ဘုတလင်တောင်ခြမ်းကနေ ချင်းတွင်းမြစ်ကမ်းဘေး တလျှောက်က ရွာတွေကို ဖြတ်ပြီး သခွတ္တနယ်ရွာ၊ ညောင်ကန်ရွာ၊ မောင်းထောင်ရွာဘက်ကို ဖြတ်တက် စစ်ကြောင်းထိုးမယ်လို့ သိထားရတယ်။ စစ်သားအင်အား ၁၀၀ ပါတယ်။ ဓားစာခံ ၁၅ ယောက်ပါတယ်လို့ သိထားရတယ်။ သူတို့ ဘာမှလှုပ်ရှားမှုမလုပ်ရင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်က ဘာမှလှုပ်ရှားမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းတခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။