Home
မြန်မာသတင်း
မုံရွာတွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ မိုင်းဆွဲခံရ၊ ရဲတပ်ဖွဲ့၀င်၂ ဦးသေဆုံး
DVB
·
October 9, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီ၀န်းကျင်က သန်းခေါင် စာရင်းကောက်ဖို့ ထွက်လာတဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့၀င် ၂ ယောက် သေဆုံးပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

ဘာမထီတော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ဌာနစုံအင်အား ၁၀၀ နီးပါးလောက်ပါတဲ့ သန်းခေါင်စာရင်းကောက်ဖို့ လမ်းလျှောက်ပြီး ထွက်လာတာကို ကြိုသတင်းရလို့ နတ်လူထိပ်ပန်ရပ်ကွက်နားကလမ်းပေါ်မှာ ပဒေသာမိုင်းတွဲ ၅ လုံးကို တပွိုင့်ကြိုဆင်ပြီး ဆွဲခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ထဲမှာပါတဲ့ ရဲတပ်ဖွဲ့၀င် ၂ ယောက် သေဆုံးကာ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားကြတယ်လို့ ဆိုပါတယ်။

“ရဲ ၂ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း ၄၊ ၅ ယောက်ရှိတယ်။ သူတို့ကိုစစ်တပ်က အိမ်စီးကားတွေနဲ့သယ်ပြီး ဆေးရုံပို့လိုက်တယ်။ အဲဒီအဖွဲ့လည်း ဆက်မသွားနိုင်တော့ဘူး” လို့ မြို့ခံတယောက် DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ထဲမှာ ပါ၀င်ကြတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေဟာ သေနတ်နဲ့ပတ်၀န်းကျင်ကို ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဘာမထီတော်လှန်ရေးတပ်ဖွဲ့ရဲ့တာ၀န်ခံတယောက်က “ရဲ ၂ ကောင်ကတော့ နေရာမှာတင် သေတာလို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတယ်။ သူတို့ဘက်က အထိနာတော့ ကျနော်တို့ ရဲဘော်တွေကို ဂန်းနဲ့လှမ်းပစ်တာ ရဲဘော်တွေ အပြေးမြန်လို့ အထိအခိုက်မရှိခဲ့ဘူး။ ပြည်သူတွေ လည်း မထိခိုက်ခဲ့ဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ Yinmarbin District No.9 Regiment အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င် ၂ ဦးသေဆုံးတာနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ DVB အနေနဲ့ မုံရွာမြို့မရဲစခန်းကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေ ဆိုတာ မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013