ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က လူမနေတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို မီးရှို့ဖျက်ဆီးနေတာ အိမ်ခြေ ၈၀ နီးပါးရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကစပြီး အောက်တိုဘာ ၉ ရက်အထိ မင်းတပ် ခလရ ၂၇၄ တပ်ရင်းက စစ်သားတွေ ဦးဆောင်ပြီး မီးရှို့နေတာပါ။
မီးရှို့ခံရမှုကြောင့် အနောက်စံပြရပ်ကွက်၊ အရှေ့စံပြရပ်ကွက်နဲ့ ဘဝသစ်ရပ်ကွက်တွေက လူနေအိမ် ၈၀ နီးပါးအထိ မင်းလောင်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် မြို့ခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက မြို့ကိုစွန်ခွာခဲ့တာလို့ သိရပါတယ်။
မင်းတပ်မြို့ခံတယောက်က “ဆီလောင်းရှို့ကြတာ၊ တအိမ်ပြီးတအိမ်၊ အနောက် စံပြ အရှေ့ ဘဝသစ် ၄ ရပ်ကွက်လုံးပါပဲ၊ အနောက်စံပြက အများဆုံးပဲ၊ အိမ်ရှင်တွေက တိုက်ပွဲစမယ်ဆိုလို့ ရှောင်နေကြတာ၊ စစ်သားတွေက ချောင်းအပစ်ခံနေရတော့ သူတို့နေရာယူတဲ့နေရာနဲ့ မျက်ကွယ်အိမ်တွေကို ရှို့တာ” လို့ ပြောပါတယ်။
မင်းတပ် ခလရ-၂၇၄ တပ်ရင်း၊ အိမ်တွင်းမှုကျောင်း၊ စံမင်းသီရိ၊ ဆောက်လုပ်ရေးဝန်း၊ မိခင်ကလေးရုံး၊ ထွေအုပ်ရုံး၊ စက်မှုလက်မှုကျောင်း၊ ရဲစခန်း၊ MPT တာဝါတိုင်ရုံး၊ ဟိုတယ်မင်းတပ်ကုန်း၊ မီးသတ်ကုန်း၊ လဝကရုံး စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သား အင်အား ၁,၀၀၀ နီးပါး နေရာယူထားတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ထဲကို စစ်ကောင်စီတပ်က Y-12 ထောက်ပို့ရဟတ်ယာဉ်နဲ့ တပ်ကူအင်အားချတာ၊ ရိက္ခာပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။