ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့နေအိမ်တွေကို အောက်တိုဘာ ၁ ရက်မှာ ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့ခံတယောက်က “မြို့ပေါ်မှာရှိနေတဲ့ ၂၇၄ တပ်ကစစ်သားတွေကပဲ အိမ်တွေကို မီးလိုက်ရှို့ နေတာပါ။ ဆီတွေကို ဆိုင်ကယ်တွေနဲ့သယ်ပြီးတော့ကို ရည်ရွယ်ချက်ရှိရှိရှို့နေကြတာ။ ဘယ်နှအိမ် လောက်လောင်ကုန်ပြီလဲဆိုတော့ တတန်းလုံးပဲ။ အနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းခွဲကနေ မင်းတပ်-မတူပီ ကားလမ်းမကြီး တလျှောက်ကအိမ်တွေ အကုန်လောင်တယ်။ ညနေပိုင်းအထိဆို ဝိတိုရိယဘော်ဒါဆောင်အောက်နားအထိ ရောက်နေပြီ” လို့ ပြောပါတယ်။
မီးငြှိမ်းသတ်ဖို့သွားရောက်ကြတဲ့ ဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက် ပစ်ခတ်နေတဲ့အတွက် ပြန်လှည့်လာခဲ့ကြရတယ်လို့လည်း ပြောပါတယ်။
မင်းတပ်မြို့ပေါ်မှာရှိတဲ့ ခလရ ၂၇၄ တပ်က စစ်ကောင်စီတပ်သားတွေဟာ သူတို့ တပ်စွဲနေထိုင်ကြတဲ့အနီးရှိ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ အောက်တိုဘာ ၁ ရက် ညနေပိုင်းအထိ မီးငြှိမ်းသတ်မယ်သူမရှိဘဲ မီးလောင်ကျွမ်းနေတာလို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်က “စာမတတ်ပေမတတ် ကိုယ်ချင်းစာတရားမရှိတဲ့သူတွေနဲ့ စုဖွဲ့ထားတဲ့ စစ်တပ်ကကောင်တွေက ပြည်သူကိုရန်သူထင်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးမယ်၊ မီးရှို့မယ်။ ရွာတွေထဲ၀င်ပြီး ပစ္စည်းတွေလုမယ်၊ ခိုးမယ်။ လူတွေဖမ်းပြီး ငွေညှစ်ယူမယ်၊ သူတို့စစ်တပ်က အဲ့ဒါပဲ လုပ်နေကြတာ၊ ပြည်သူအားလုံးအသိပဲလေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ကို ဩဂုတ် နဲ့ စက်တင်ဘာ ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF မင်းတပ်) ဆီ ကနေ သိရပါတယ်။