စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ကင်းစခန်းကို စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စက်တင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
PLA ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ကဘဲတပ် ကာကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့အချိန် အဲဒီမှာရှိနေတဲ့ကောင်တွေ အကုန်လုံး ထွက်ပြေးသွားကြတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေ ထွက်ပြေးသွားကြတဲ့အတွက် သူတို့နေထိုင်ခဲ့တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
PLA တာဝန်ခံက “တိုက်ပွဲကြာချိန်က ၁ နာရီနီးပါးလောက်ပဲ ရှိတာ။ သူတို့ဘက်က အရမ်းကြီး တောင့်ခံပြီး မပစ်ဘဲ အကုန်ထွက်ပြေးသွားကြတယ်။ ၁၅ ယောက်ဝန်းကျင်တော့ ရှိမှာပေါ့။ ကျနော်တို့လည်း သူတို့နေခဲ့တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး သူတို့ရဲ့ လေကြောင်းရန်ကြောင့် ပြန်ဆုတ်ခဲ့တယ်။ လက်နက်တွေဘာတွေ သိမ်းဆည်းရရှိခဲ့တာတော့ မရှိပါဘူး။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်မရှိဘူး” လို့ ပြောပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅ (TPC)၊ ရွှေဘိုခရိုင်တပ်ရင်း ၁၆၊ တန့်ဆည်မြို့နယ် ပကဖနဲ့ ဒေသတွင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။