ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာက နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင်ပြည်သူ တယောက်ဟာ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့မိုင်း နင်းမိလို့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေငံရွာခံတယောက်က “ပြီးခဲ့တဲ့လထဲက တိုက်ပွဲဖြစ်ပြီး စစ်တပ်က ကျနော်တို့ရွာထဲကို စစ်ကြောင်းထိုးပြီး တပ်စွဲတယ်။ သူတို့လာတော့ ကျနော်တို့ရွာသားတွေလည်း အကုန်ထွက်ပြေးကြတာ။ သူတို့က အိမ်တွေထဲက ပစ္စည်းတွေ အကုန်သယ်ကြတာပဲ။ ဆန်၊ ဆီ၊ ဆားကအစ မချန်ဘူး။ ကျန်နေခဲ့တဲ့ နွားတွေ၊ ကျွဲတွေကော အိမ်မွေးတိရစ္ဆာန်တွေ အကုန်ယူတယ်။ ထွန်စက်တွေနဲ့ လယ်ယာသုံးစက်တွေပါ ခိုးသယ်ကြတာ အကုန်ပါသွားတယ်။ ရွာကအိမ်တွေကိုလည်း မီးရှို့ပြီး စစ်ကြောင်းပြန်ထွက်သွားတော့ ရွာပတ်လည်မှာ မိုင်းတွေထောင်ခဲ့ကြသေးတယ်။ စစ်ကြောင်းပြန်ထွက်သွားလို့ ကျနော်တို့အပြင် တချို့လူတွေ ရွာပြန်ကြတဲ့အထဲမှာ သူလည်းပါတယ်။ ရွာပြန်ရောက်ကြတာ သိပ်မကြာသေးဘူး။ သူက ကံဆိုးပြီး စစ်သားတွေထောင်ခဲ့တဲ့ အဲဒီမိုင်းကို မသိဘဲ နင်းမိပြီး ဆေးမကုရလို့ သွေးလွန်ပြီး ဆုံးသွားတာ” လို့ ပြောပါတယ်။
ရေငံကျေးရွာသား အသက် ၃၀ ကျော်အရွယ် ကိုအောင်မောင်းဟာ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့မိုင်းနင်းမိပြီး ဆေးကုသခွင့်မရတဲ့အတွက် စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ သေဆုံးသွားတာပါ။
ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “မိုင်းနင်းမိတဲ့လူနာက ခြေထောက်ပြတ်သွားလို့ ဆေးရုံပို့ဖို့ ကားနဲ့တင်ခေါ်လာတာ၊ ရွာအဝင်လမ်းပေါ်က ထန်းပင်ချောင်ရွာကိုဖြတ်တော့ အဲဒီရွာမှာရှိနေတဲ့ စစ်သားတွေက ဆက်သွားခွင့်မပေးဘဲ ပိတ်တားထားတယ်။ အဲဒီမှာ လူနာက ဆေးမကုရဘဲ သွေးလွန်ပြီး သေရတာပါ” လို့ ပြောပါတယ်။
သြဂုတ် ၂၄ ရက်က ရေငံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကာ ၁၀ ယောက် အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး ရေငံကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲနေတဲ့ အတွက် ရွာခံပြည်သူတွေဟာ နီးစပ်ရာနေရာတွေကို ပြောင်းရွှေ့ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။