Home
မြန်မာသတင်း
မြိုင်မြို့တွင် ပျူစောထီးလူငယ် ၂ ဦး သေနတ် ၂ လက်နဲ့အတူ အလင်းဝင်
DVB
·
September 25, 2024
ခိုလှုံလာသူ ပျူစောထီး ၂ ဦး၊ photo Crd-မြိုင် ပကဖ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တယောက်ကို သုတ်သင်ခဲ့တဲ့ ပျူစောထီးလူငယ် ၂ ယောက် ဟာ သေနက် ၂ လက်နဲ့အတူ မြိုင်ပကဖဆီကို ဝင်ရောက်ခိုလှုံခဲ့​ပြီး သေနတ်တလက် ထပ်မံ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

မြိုင် ပကဖ တာဝန်ခံတယောက်က “မြိုင်မြို့ပေါ်က ပျူစောထီးလူငယ် ၂ ယောက်က သူတို့ကို စစ်တပ်က ထုတ်ပေးထားတဲ့ သေနတ်တွေနဲ့ပဲ မြို့ပေါ်မှာရှိတဲ့ ရဲတပ်သား ယောကြီးကို ပစ်ခတ် သုတ်သင်ပြီး အခုလ ဒုတိယပတ်ထဲက ကျနော်တို့ဆီမှာ ဝင်ရောက်ခိုလှုံလာတာပါ။ သေသွားတဲ့ ရဲဆီက ရတဲ့သေနတ်ကတော့ သူတို့တွေ ဖွက်ထားခဲ့တဲ့ နေရာကနေ နောက်မှ သွားသိမ်းခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။

မြိုင်မြို့ပေါ်မှာ နေထိုင်ကြတဲ့အသက် ၁၆ နှစ်အရွယ် ဝေယံမင်းခန့်နဲ့ အသက် ၁၉ နှစ်အရွယ် ညီညီထွန်းတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ရဲတပ်သား ယောကြီးကို ပုဆိုးဝယ်ပေးမယ်လို့ ခေါ်ဆောင်လာကာ ပစ်ခတ်ခဲ့ပြီး နောက်ရက်မှာ ဝင်ရောက်ခိုလှုံလာကြကာ သူတို့မိသားစုရဲ့ လုံခြုံရေးအခြေအနေနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆောင်ရွက်နေရတဲ့အတွက် စက်တင်ဘာ ၂၄ ရက်မှ သတင်းထုတ်ပြန်ပေးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ပျူစောထီးလူငယ် ၂ ယောက်ဟာ G3 သေနတ် ၁ လက်၊ G3 ကျည် ၃၇ တောင့်၊ MA1 သေနတ် ၁ လက်နဲ့ MA1 ကျည် ၂၃ တောင့်တို့နဲ့အတူ ဝင်ရောက်ခိုလှုံလာကြတာဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ ပြောပြချက်အရ သေဆုံးသူ ရဲတပ်သားရဲ့ သေနတ်ဖြစ်တဲ့ ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည် ၈ တောင့်ကို စက်တင်ဘာ ၂၃ ရက်မှာ သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၇ ရက်တွေကလည်း မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်သား ၂ ယောက်ဟာ မြိုင် ပကဖဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

မြိုင် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “မြိုင်အထွက် မန္တလေးဂိတ်မှာ တာဝန်ကျနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိ တပ်သားအဆင့်ရှိတဲ့ ဦးလှဖြူက AK သေနတ် ၁ လက်၊ ကျည် ၄၅ တောင့်နဲ့ မြိုင် အထက ၂ ကျောင်းမှာ တာဝန်ကျနေတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်ဇာတိ ဒုတပ်ကြပ် ဇွဲလင်းပိုင်က HK သေနတ် ၁ လက်၊ ကျည် ၉၈ တောင့်တို့နဲ့ အလင်းဝင်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူ ၂ ယောက်ကိုလည်း သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားကာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ လက်အောက်ခံတွေ အနေနဲ့ လည်း ပြည်သူကို မျက်နှာမူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013