ချင်းပြည်နယ်၊ ဟားခါးမြို့မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူ ၁ ယောက်နဲ့ မကွေးတိုင်း၊ ကမ္မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၁ ယောက် တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စက်တင်ဘာ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီမှာ အလင်းဝင်ရောက်လာကြတယ်လို့ သိရပါတယ်။
CDF-Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဟားခါးရဲစခန်းက ဒုရဲအုပ် ၁ ဦးက လက်နက်ခဲယမ်းတွေနဲ့ ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာတာပါ။ သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပေးပြီးပါပြီ” လို့ DVB ကို ပြောပါတယ်။
ဟားခါးမြို့ရဲစခန်းက ဒုရဲအုပ်နဲ့အတူ ရိုင်ဖယ်သေနတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ကျည် ၁၅ တောင့် တို့အပြင် Grenade 40 မမ ၃၀ ကျော်တို့နဲ့အတူ CDF- Hakha ဆီကို အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ကမ္မမြို့မှာလည်း ရဲတပ်သားတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ People Defence Force - Kamma ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။
“ကမ္မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်သား ၁ ဦးက Uzi သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၉ မမ ကျည် ၁၃၁ တောင့်၊ G3 ကျည်ဘောက် ၄ ခုနဲ့ G3 ကျည် ၃၇ တောင့်တို့နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်ပါတယ်။ သူ့အတွက်လည်း ဆုကြေးငွေပေးအပ်တာတွေကအစ အားလုံး စီစဉ်ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးသူတွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့နဲ့ အလင်းဝင်ရောက်လာကြသူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အပြင် အလင်းဝင်လာကြသူတွေရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူပြီး ဂုဏ်ပြု ဆုငွေတွေလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။