Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်သင်တန်းဆင်းသူ ၁ ဦး အလင်းဝင်၊ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ
DVB
·
September 9, 2024
Photos - Burman Revolution Rangers & Royal Defence Force

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ  စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းခံရသူ  တယောက် စစ်သင်တန်းဆင်းပြီး ရှေ့တန်းကို ပို့ဆောင်ချိန် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်သလို မိသားစုကို ပြန်လာခေါ်တဲ့ စစ်ကောင်စီတပ်သားတယောက်လည်း အရှင် ဖမ်းဆီးရမိခဲ့ရပါတယ်။

Burman Revolution Rangers ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “သူက ပြီးခဲ့တဲ့ ၆ လ လောက်က အဖမ်းခံရပြီး စစ်မှုထမ်းဖို့ သင်တန်းတက်ခဲ့ရတယ်။ သင်တန်းပြီးလို့ ရှေ့တန်းကို အပို့ခံရတဲ့အချိန် ကျနော်တို့နဲ့ဆက်သွယ်ပြီး အလင်းဝင်ခဲ့တာပါ”လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားဟာ စစ်ကောင်စီတပ်ရဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က တပ်သားအဆင့်ရှိသူဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှာ MA-3 သေနတ်  တလက်၊ ကျည်ဘောက် တခု၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀ တို့နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Burman Revolution Rangers ရဲ့ တာ၀န်ခံတဦးက “သူ့ကို သိန်း ၅၀ ချီးမြှင့်ပေးပြီး လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတခုကို ပို့ထားပါတယ်။ နောက်ထပ် အလင်းဝင်ချင်တဲ့သူတွေကိုလည်း အချိန်မရွေး ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်က အင်ပင်ကျေးရွာမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို ပြန်လာခေါ်တဲ့ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူ တယောက်ကိုလည်း စက်တင်ဘာ ၇ ရက်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Royal Defence Force ရဲ့ တာဝန်ရှိသူတဦးက “အခု အရှင်ဖမ်းမိတဲ့သူက တပ်ကြပ်ကြီးအဆင့် ဖြစ်ပြီးတော့ ရှမ်းပြည်က နမ့်စန်မြို့နယ်၊ ခိုလန်မှာ အခြေစိုက်တဲ့တပ်ရင်းမှာ တာဝန်ကျနေရင်း ဒီဘက်ရွာမှာ ကျန်နေခဲ့တဲ့ သူ့မိသားစု၀င်တွေကို ပြန်လာခေါ်တာကို ကျနော်တို့အဖွဲ့က ကြိုတင်သတင်းရလို့ စောင့်ဖမ်းခဲ့တာပါ” လို့ DVB ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးရဲ့ မိသားစုတွေ နေထိုင်တဲ့ အင်ပင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတခုရှိတဲ့အတွက် အဆိုပါကာကင်းစခန်းနဲ့ မနီးမဝေးကနေ စောင့်ဆိုင်းဖမ်းဆီးခဲ့ရတာဖြစ်ပြီး ဖမ်းဆီးရမိသူကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေကာ စစ်ဆေးပေါ်ပေါက်ချက်တွေအရလည်း ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013