Home
မြန်မာသတင်း
ပခုက္ကူနှင့် မြင်းခြံရှိ စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၊ မြိုင်မြို့ကို PDF တပ်များ ၀ိုင်း၀န်းပိတ်ဆို့
DVB
·
September 6, 2024
Photo Crd-မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန် ကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းကို စက်တင်ဘာ ၅ ရက် မနက် ၁၁ နာရီခွဲ၀န်းကျင်မှာ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

Southern YSO PDF ရဲ့တာ၀န်ခံတဦးက “ပခုက္ကူလေယာဉ်ကွင်းနားက မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ၀န်းကျင်လောက်နဲ့တပ်စွဲနေတဲ့ကောင်တွေကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲက နာရီ၀က်လောက်ကြာတယ်။ သူတို့ဘက်က ၉ ကောင်သေတာကတော့ မျက်မြင်ဘဲ။ ဒဏ်ရာရတဲ့ကောင်များတဲ့အထဲက ၆ ကောင်က အပြင်းအထန်ဒဏ်ရာရလို့ ပခုက္ကူဆေးရုံမှာတက်ကုနေတယ်ဗျ”လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က တပ်ဖွဲ့၀င် ၂ ဦး ဟာလည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Southern YSO PDF ရဲ့ စစ်ရေးတာ၀န်ခံတဦးက “ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရတာရယ် သူတို့ဘက်က အင်အားများတဲ့အတွက်ရယ်ကြောင့် သူတို့ထဲ၀င်ပြီး လက်နက်တွေဘာတွေ ကောက်တာတော့ မလုပ်ခဲ့ရဘူး။ ပြန်ဆုတ်ခဲ့ရတယ်ဗျ” လို့ ပြောပါတယ်။

မြောက်လူးကန် ကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းတိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန်တို့နဲ့အတူ King Cobra မဟာမိတ်ညီနောင်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့ကိုလည်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင်ဘာလဆန်း လောက်က စပြီး ၀ိုင်း၀န်းပိတ်ဆို့ထားနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “မြိုင်မြို့ကို ကျနော်တို့ တပ်ပေါင်းစုတွေ ၀ိုင်း၀န်းပိတ်ဆို့ထားနိုင်တဲ့ အခြေအနေတခုကို ရောက်ရှိနေပါပြီ မြို့ပေါ်ရုံးတွေမှာ တပ်စွဲနေတဲ့ကောင်တွေက ကင်းပတ်ဖို့မပြောနဲ့ အပြင်ကိုမထွက်ရဲကြတော့ဘူး။ မြို့နယ်တခုလုံးရဲ့ ၇၀ ရာနှုန်းလောက်ကိုလည်း စိုးမိုးထိန်းချုပ်ထားပြီးပါပြီ မြိုင်ကိုလည်း သိမ်းမယ်ဆိုသိမ်းလို့ရတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ မြို့နာမှာစိုးတဲ့အတွက် မြို့သိမ်းတိုက်ပွဲ မလုပ်သေးတာပါ အချိန်မရွေးသိမ်းလို့ရတယ်”လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မြိုင်မြို့ပေါ်က မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ စီးပွားရေးဘဏ်၊ ကိုးဆောင်ဘုန်းကြီးကျောင်းနဲ့ မြို့အဝင်ဂိတ်တွေအပြင် မြိုင်မြို့နယ်ထဲက စက်မှု ၂ အပါအ၀င် ပျူစောထီးကျေးရွာတွေဖြစ်ကြတဲ့ သရက်ကန်ကျေးရွာ၊ ကန်နီကျေးရွာ၊ သရက်ကွကျေးရွာ၊ တွင်းမကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံတဦးက“သူတို့ဘက်က အင်အားဟာ တမြို့နယ်လုံးဆိုရင် ၂၅၀ ၀န်းကျင်လောက်ပဲ ရှိတော့တာပါ။ မြေပြင်ကနေ စစ်ကူမပေးနိုင်တော့ဘူး စစ်တပ်က လေကြောင်းကိုအသုံးပြုရတော့မှာ သူတို့ထောက်ပို့လေယာဥ်ကလည်း ခဏခဏမလာနိုင်ဘူးလေ ဆိုတော့ ဒီမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့ အာဏာရူးတစု အတွက် အသေခံမလား အလံဖြူထောင်ပြီး ပြည်သူဘက်ကိုပူးပေါင်းမလားဆိုတဲ့ ရွေးချယ်စရာ ၂ လမ်းဘဲရှိတော့တယ်” လို့ ပြောပါတယ်။

မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မြိုင်မြို့နယ်အတွင်းက စစ်ရေးအရ အရေးပါတဲ့ ကိုင်းတောမနယ်မြေရဲစခန်းနဲ့ ၀က်ပုတ်ကျေးရွာစစ်ကောင်စီတပ်စခန်းတွေ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး တခြားစစ်ကောင်စီတပ်စခန်း အများစုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြိုင်မြို့ခံတဦးက “စစ်တပ်စစ်ကြောင်းထိုးတဲ့ရွာတွေက ရွာသားတွေကတော့ ပြေးရတာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့မြို့ပေါ်က စစ်သားတွေကတော့ သူတို့တပ်စွဲနေတဲ့ နေရာတွေကနေ သေမှာကြောက်လို့ အပြင်မထွက်ရဲကြဘူး။ PDF တွေမြို့ကို၀ိုင်းထားပေမဲ့ ကျနော်တို့ မြို့ခံတွေကတော့ စစ်ဘေးကြိုရှောင်သွားကြတာတွေဘာတွေမရှိကြပါဘူး။ ဆန် ဆီ ခေါက်ဆွဲတို့ ကြာကြာခံမယ့် စားသောက်ကုန်လေးတွေတော့ စုထားကြတာတွေတယ် တချို့ကလည်း ဗုံးခို ကျင်းတွေတူးထားကြတယ် အခုထိတော့ မြို့ကလူတွေ အသွားအလာမပျက်ကြဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းအထိ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေ စီးနင်း၀င်ရောက်ပြီး ပစ္စည်းလုယူတာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့လို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေငွေကြေးကောက်ခံနေတဲ့ဂိတ်မှာ စက်တင်ဘာ ၄ ရက်က မနက် ၉ နာရီခွဲ၀န်းကျင်က ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၃ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Freedom Fighter Guerrilla Force ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “မြင်းခြံနယ်ထဲက လယ်သစ်ရွာမှာတပ်စွဲပြီး မြင်းခြံ-နဘူးအိုင်ကားလမ်းပေါ်မှာ စစ်သား ၁၀ ယောက်လောက်က ခရီးသွားကားတွေဆီကနေ ပိုက်ဆံတောင်းငွေညှစ်နေတဲ့ဂိတ်ကို ကျနော်တို့ရဲဘော်တွေက ကား နဲ့ အနီးကပ် သွားပစ်ကြတာပါ။ သူတို့ဘက်က ၃ ယောက်သေပြီးတော့ ကျန်တဲ့ကောင်တွေက ထွက်ပြေးသွားကြတယ်”လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်းကနေ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပါရီသေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂ လက် အပါအ၀င် 7.62 ကျည် ၁၂ တောင့်၊ ကာဘိုင်ကျည် ၃၈ တောင့် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Freedom Fighter Guerrilla Force ရဲ့ တာ၀န်ခံတဦးက  “သူတို့က ကျနော်တို့ကားကို PDF ကားမှန်းမသိကြဘူး။ ရပ်ခိုင်းပြီးဆက်ကြေးတောင်းတော့ ကားပေါ်မှာပါလာတဲ့ နောက်ခန်းက ရဲဘော်တွေက ဆက်ကြေးအဖြစ်ကျည်တွေပစ်ပေးလိုက်တော့ အဲ့ကောင်တွေသေကုန်ကြတာပေါ့” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၀င်တွေ လုပ်ဆောင်ခဲ့​ကြတာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013