စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၁၃ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွာသစ်ဘုန်းကြီးကျောင်းအနီးကို နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှာ စစ်ကောင်စီက ဗိုလ်မှူး ၁ ယောက် အပါအဝင် ရုပ်အလောင်း ၅ လောင်းနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Earthquak People's Pefence Force အဖွဲ့ရဲ့ တာဝန်ရှိသူက “သူတို့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ ရွာသစ်ဘုန်းကြီးကျောင်းနားမှာတွေ့ခဲ့တာပါ။ ၄ လောင်းက မြေမြှုပ်ထားတာပါ။ ၁ လောင်းကိုတော့ ထန်းလက်ခြောက်နဲ့ အုပ်ထားတယ်။ ထပ်တွေ့တဲ့အလောင်းတွေက ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင်နဲ့ တပ်သား ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေဆိုတာကို ဖမ်းမိတဲ့ သုံ့ပန်းတွေဆီကနေ သိရတယ်။ ခဲယမ်းတွေလည်း ထပ်တွေ့လို့ သိမ်းဆည်းခဲ့ရတာပေါ့ဗျာ” လို့ DVB ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့၊ မနက် ၆ နာရီဝန်းကျင်က မြိုင်မြို့နယ်၊ ကိုင်းတောမ ရွာသစ်ကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံး၊ ၅ ယောက် လက်နက်ချခဲ့ပြီး သေနတ် ၁၉ လက်နဲ့အတူ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။
Earthquak People's Pefence Force အဖွဲ့ရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “အဲဒီစစ်ကြောင်းက တပ်မ ၁၀၁ နဲ့ ပကစ ၂ တို့က စစ်သားတွေအထိနာပြီးတော့ ကျန်တဲ့ကောင်တွေက သရက်ကန် ပျူရွာဘက်ကို ထွက်ပြေးကုန်တယ်။ တိုက်ပွဲထဲမှာသေတဲ့ ၁၂ ကောင်ကိုလည်း ကောင်းကောင်းမွန်မွန်မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။ အခု ထပ်တွေ့တဲ့ ၅ လောင်းနဲ့ဆို ဒီကောင်တွေဘက်က ဗိုလ်မှူးတဦး အပါအဝင်ဆို ၁၇ ကောင်သေတာပေါ့” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ အခုလထဲမှာ ကိုင်းတောမရွာသစ်ကျေးရွာကို ရောက်ရှိ အထိုင်ချတပ်စွဲပြီး အနီးအနားဝန်းကျင်ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို လှည့်ပတ်ခိုးယူ လုယက်မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
အမှတ် ၁ စစ်ဒေသလက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “မြိုင်မြို့နယ်ထဲက သရက်ကန်နဲ့ တွင်းမ ပျူစောထီးရွာတွေနဲ့ ပခုက္ကူမြို့နယ်ထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံး အလင်းဝင်ကြပါ။ ကျနော်တို့နဲ့ ပူးပေါင်းကြပါ။ အခု ဖိတ်ခေါ်သလို မပူးပေါင်းဘူး၊ အလင်းမဝင်ဘူးဆိုရင်တော့ ဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်ဆိုတာကို သတိပေးလိုပါတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကို သြဂုတ် ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ၄ ရက်ကြာတိုက်ခိုက်ခဲ့ရပြီး ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာကို ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၃ နှစ်အရွယ် ကလေးတယောက်အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
မွန်းလွဲ ၁ နာရီကျော်မှာ မုံရွာမြို့အထွက် မအူရွာ စစ်ဆေးရေးဂိတ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဖောင်းကတာရွာသားတယောက်က “ပစ်တာက ၅ လုံးပစ်တာ။ ကျနော်တို့ ဖောင်းကတာ မြောက်ရွာက စာသင်ကျောင်းအနီးတလုံး၊ ဖောင်းကတာ တောင်ရွာက စာသင်ကျာင်းက တလုံးကျတာဗျ။ တောင်ရွာစာသင်ကျောင်းအနီးက မဌေးဌေးဝင်းအိမ်ပေါ်ကို တည့်တည့်ကျတာဗျ။ အဲလိုကျလို့ ပြည်သူ ၂ ဦးလည်း ထိခိုက်တယ်။ ခြေထောက်ထိတာက မအင်ကြင်းခိုင်၊ အသက် ၁၃ နှစ်ဝန်းကျင်၊ လက်ထိတာက မဌေးဌေးဝင်း၊ အသက် ၄၃ နှစ်ဖြစ်ပါတယ်ဗျ။ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ နေရာက အိမ်တွေလည်းပျက်စီးတယ်။ အိမ်အလုံးအရေအတွက်ဆိုရင်ရင် ၁၀ လုံး အနည်းဆုံးရှိမယ်” လို့ ပြောပါတယ်။
ကျန် လက်နက်ကြီး ၃ လုံး ကတော့ သဲကောကြီးရွာအနီးမှာ ၂ လုံး၊ ဖောင်းကတာဆည်ဘောင်မှာ ၁ လုံး ကျရောက်ခဲ့ပြီး အထိခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် နေ့ မွန်းလွဲပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာ ကို စစ်တပ်က လက်နက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကို ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။