ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး နမ့်ဖားမှာရှိတဲ့ ဗန်းမော်တက္ကသိုလ်ပတ်ဝန်းကျင်နဲ့ မိုးမောက်မြို့ ခမရ ၄၃၇ ပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို KIA က ထိုးစစ်ဆင်နေပြီး နှစ်ဖက် ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲတာကြောင့် ပြည် သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်တဲ့ ဇွန်လိုင် ၂၃ ရက်နေ့ကစပြီး ဗန်းမော်မြို့ပေါ်နဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ နေ့စဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ဩဂုတ် ၁၅ ရက်က စတင်ကာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ပြန်လည်ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့က ထွက်ခွာလာတဲ့ ပြည်သူတယောက်က “လက်နက်ကြီးကျတာက ဒီသုံးလေးရက် အတွင်းတော့ ပြန်ငြိမ်နေတယ်လို့ ပြောရမယ်။ ၁၅ ရက်လောက်ကနေ ကျတာတော့ မကြားရတော့ဘူး။ အရင်ရက်တွေက ကျတာ နေ့တိုင်းလိုလိုပဲ။ အသက်သေဆုံးတဲ့ သူတွေကော ရှိတယ် သုံးလေး ငါးယောက်ရှိပြီ။ သိမ်တော်ကြီး ဝင်းထဲကောကျတာရှိတယ်။ ၁၂ ရက်နေ့ကဆိုရင် တရုတ်ဘုံကျောင်းနားကျလို့ ၂ ယောက်သေ ၂ ယောက် ဒဏ်ရာရလို့ ကြားတယ်။”
ဩဂုတ် ၁၂ ရက်က သိမ်တော်ကြီး ဘုရားဝင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် သီလရှင်တပါး အသက်ဆုံးရှုံးခဲ့ရသလို မြစ်ကမ်းနားဘက်က တရုတ်ဘုံကျောင်းနားက လယ်ပေါ် ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ကိုယ်ရင် ၂ ပါး အသက်ဆုံးရှုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ ပတ်ဝန်းကျင်တွေဖြစ်တဲ့ မင်းလှ၊ နောင်ခို၊ သုံးမိုင်ကွက်သစ်နဲ့ နှစ်မိုင်ပတ်ဝန်းကျင်တွေမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ PDF တွေက လက်နက်ကြီး လျှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
ဗန်းမော်မြို့ပေါ်က ဧရာဝတီမြစ်ကမ်းအနီးမှာ ရှိတဲ့ စကခ ၂၁ နဲ့ ဆက်စပ်ပြီး မြို့ပတ်ဝန်းကျင်တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်မြို့ ပတ်ဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်တာ ရှိသလို မိုးမောက်မြို့က ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတဲ့ ၁၅ မိုင်၊ ၁၇ မိုင်နဲ့ ဒဂေါ်၊ နမ်ဆိုင်း ကျေးရွာတွေမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ မိုးမောက်မြို့ကနေ နမ်ဆိုင်းကျေးရွာကို သိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တယောက်ဒဏ်ရာရပြီး ဗိုက်ထဲက ကလေး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူဂိတ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးက ချင်းတွင်းမြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ် ပလောင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးစ ထိမှန်တာကြောင့် ပလောင်ရွာကိုရောက်ရှိနေတဲ့ ကူးတို့ကုန်းရွာသူ ကိုယ်ဝန် ၇ လရှိတဲ့ အသက် ၃၅ နှစ်အရွယ် မစန်းစန်းလင်းရဲ့ ဗိုက်ထဲကကလေး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပလောင်ရွာက သိုးမွေးမြူရေးခြံထဲကိုလည်း လက်နက်ကြီးကျရောက်တာကြောင့် သိုး ၁၀ ကောင် သေဆုံးခဲ့ပြီး ၁၀ ကောင် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီး ဒေသခံတဦးက “မုံရွာတဖက်ကမ်းက ပစ်တာပေါ့၊ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆီးခုံထိပြီးမှ ပေါင်ကနေ ဖောက်ထွက်သွားတာပေါ့။ ဒီနေ့ခွဲစိတ်ခန်းကထွက်လာတော့ ကလေးကတော့ အသက်ဆုံးရှုံးသွားပြီ လူကြီးကတော့ ကောင်းလာပြီပေါ့၊ ဆားလင်းကြီး ဆေးပေးခန်းက မနိုင်လို့ မလို့ မုံရွာဆေးရုံကြီးကိုလွှဲလိုက်တယ်၊ သိုးတွေကတော့ ၁၀ ကောင်လောက်သေတယ်၊ ၁၀ ကောင်က ခြေပြတ်လက်ပြတ်ဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီလောက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်က ပစ်ခတ်တဲ့ ၆၀ မမ လက်နက်ကြီးက မုံရွာမြို့နယ် ထနောင်းတောတောင်ရွာက စျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။