Home
မြန်မာသတင်း
ယင်းမာပင်တွင် လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး နှလုံးရပ်သေ၊ အိမ် ၄၀ ကျော် မီးရှို့ခံရ
DVB
·
August 10, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁ ယောက် နှလုံးရပ်သေဆုံးပြီး ရွာ ၁၀ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရသလို ရွာ ၂ ရွာကို လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက  ကျေးရွာတွေကို ဩဂုတ် ၇ ရက်ကစပြီး ၉ ရက်နေ့ ညနေပိုင်းပိုင်းအထိ စစ်တပ်က လက်နက်ကြီးတွေနဲ့ အကြိမ်ရေအများကြီး ပစ်တာကြောင့် ရေကြည်ပင်ရွာ၊ မြရိတ်ရွာ၊ ထန်းတောကြီးရွာ၊ စုန်းချောင်းရွာ၊ ကွေ့ချောင်းရွာ၊ သိကြားစက်ရွာ၊ နဘူးတောရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ ထန်းဇင်ရွာနဲ့ ကံစုရွာက ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ နေကြရတယ်လို့လည်း သိရပါတယ်။

ကွေ့ချောင်းရွာ ဒေသခံပြည်သူတယောက်က “ကျနော်တို့ရွာဆီကိုတော့ ၈ ရက်နေ့ညက စစ်ကောင်စီတပ်က ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အိမ်တလုံး မီးလောင်တယ်ဗျ။ အိမ်ရှင်ကတော့ လက်နက်ကြီးကျပြီး ကြောက်လန့် နှလုံးရပ်သေဆုံးတာရှိတယ်ဗျ။ အမည်က အောင်သိုက် အသက်က ၃၁ ဝန်းကျင်ပါဗျ။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ကျနော်တို့ရွာထဲကို လက်နက်ကြီး ၆ လုံး ကျပေါက်ကွဲတယ်ဗျ။ လူနေအိမ် ၁၀ လုံးခန့် ပျက်စီးတယ်။ အရပ်သားပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိတယ်ဗျ။ မဂူဂူး  အသက် ၁၈ နှစ်နဲ့ မင်းညီခန့် အသက် ၁၃ နှစ် က ဒဏ်ရာများပြီး အသက်အခြေအနေစိုးရိမ်ရတယ်ဗျ။ ဦးရွှေမြိုင် အသက် ၅၀ ကျော်၊ မဝင်းဆန်း အသက် ၅၀ ကျော်ကတော့ သိပ်မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

အောင်ဇေယျမြို့သစ်မှာရှိတဲ့ စစ်တပ်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပြီး ဩဂုတ် ၉ ရက်နေ့ကလည်း ဘန့်ဘွေးမြောက်ရွာအနီး မယ်စောတောတိုက်ဘက်ကို ၁၂၀ မမ ၂ လုံးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၇ နှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၂ ယောက် ဒဏ်ရာရပြီး အိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့ ညနေပိုင်းက အောင်ဇေယျကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ထန်းတောကြီးကျေးရွာက ပြည်သူ ၄ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၈ ရက် မနက်ပိုင်းကလည်း ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ရွာကို ဘန့်ဘွေးရွာမက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းဇင်ရွာခံအမျိုးသမီးတယောက်က “ကျမတို့ရွာနဲ့ ဘန့်ဘွေးရွာမနဲ့က မုံရွာ-ယာကြီး- ကလေးဝ လမ်းကြီးပဲ ခြားထားတာ။ သူတို့ရွာက လမ်းအနောက်ဘက်က ကျမတို့ရွာက လမ်းအရှေ့ဘက်ကပါရှင့်။ ရွာကို ဘာလို့မီးရှို့တာလဲဆိုတော့ အရင်ဩဂုတ် ၇ ရက်နေ့ ညနေပိင်းကတော့ ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ ဘန့်ဘွေးရွာမက စစ်တပ်တို့ တိုက်ပွဲဖြစ်ကြသေးတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ရှုံးလို့လားမသိဘူး။ ကျမတတို့ရွာကို မဆီမဆိုင် မီးရှို့သွားတယ်။ မီးလောင်ပြာကျတဲ့အိမ်က ၄၀ ကျော်တယ်” လို့ ပြောပါတယ်။

ထန်းဇင်ရွာက အိမ် ၂၅ လုံးနဲ့ ဘန့်ဘွေးမြောက်ရွာက အိမ် ၁၉ လုံး မီးလောင်သွားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဘန့်ဘွေးရွာအနောက်မြောက်ဘက်မှာရှိတဲ့ ရေသောက်ကန်တောပြင်က ပြည်သူနေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ဆိုင်ကယ်နဲ့ ထော်လာဂျီတစင်းကို သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013