မန္တလေးတိုင်းအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒေသနေပြည်သူတွေ အတွက် လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပေးတဲ့အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပြတိုက်ပွဲတွေများပြားလာတဲ့ ဇူလိုင်လအတွင်းမှာ တိုက်ပွဲတွင်း လိုက်နာဆောင်ရွက်ရန်နဲ့ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပေးအစီအစဉ်တွေ ပိုပြီးပြုလုပ်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ရှုံးလာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ်ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည် ပိုလုပ်လာတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး ထိန်းချုပ်နယ်မြေအတွင်းက ဒေသတွေမှာ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီက စစ်ရှုံးလာတာနဲ့အမျှပေါ့၊ ရှုံးမဲမဲတဲ့အပြုအမူတွေ ပိုပြီး လုပ်ဆောင်လာတယ်။ အထူးသဖြင့် အရပ်သားပြည်သူတွေနေထိုင်တဲ့ မြို့နေဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကို သိသိသာသာ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းပါတယ်” ပြောပါတယ်။
ဘယ်မြို့နယ် ဘယ်ဒေသမှာ ပြုလုပ်နေတယ်လို့တော့ အတိအကျမပြောဘဲ ထိန်းချုပ်နယ်မြေထဲမှာ လုပ်နေတယ်လို့ပဲ ပြောသွားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ဟာ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။