ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာကို ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျေးရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဇူလိုင် ၂၃ ရက် ညနေ ၇ နာရီနီးပါးမှာ ကျွဲထိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတဦးက “ရွှေမင်ဂံရေတပ်ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ကျေးရွာတွင်းမှာ ကျပြီးတော့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်သွားတယ်။ အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ အခုတော့ ဆေးကုသမှု ခံယူနေကြရတယ်” လို့ ပြောပါတယ်။
အခု လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ကျွဲထိုးကျေးရွာဟာ စစ်ကောင်စီတပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့နယ်နဲ့ နီးကပ်နေတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာ ကိုနေမျိုးဦး၊ မောင်နေမျိုးလင်း၊ ဒေါ်မကျော့၊ ဒေါ်စိန်ကျော့နုနဲ့ ဒေါ်အေးခိုင်ညွှန့် တို့ဖြစ်ကြပြီး မောင်နေမျိုးလင်းနဲ့ ဒေါ်မကျော့တို့မှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်က ရေတပ်နဲ့ တပ်ရင်းတွေကနေ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်က မတ် ၁၃ ရက်ကတည်းက အပြီးသတ် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။