Home
မြန်မာသတင်း
သိမ်ဇရပ်တွင် စစ်တပ်လက်နက်ကြီး‌ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
July 23, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးပြီး ကိုယ်ဝန်သည် အပါအဝင် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ၄၀ မမတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထဲက တလုံးဟာ ရွာလေးရပ်ကွက် ၇ လမ်းရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၄၇ နှစ်အရွယ် ကိုလင်းစစ်သူ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကိုယ်ဝန် ၄ လရှိတဲ့ အသက် ၄၅ နှစ်အရွယ် မကြည်ကြည်လင်းနဲ့ အသက် ၄၁ နှစ်အရွယ် မယဉ်ဝေလွင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

သိမ်ဇရပ်ဒေသခံတဦးက “ရဲစခန်းကို PDF တွေက လာပစ်တဲ့အချိန် အမတ ၃၁၀ ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာ။ ရဲစခန်းအရှေ့တောင်ဘက်မှာရှိတဲ့ အိမ်ပေါ်ကျပြီး အိမ်ရှင် မယဉ်ဝေလွင်က မစိုးရိမ်ရ ဒဏ်ရာရတယ်။ သူတို့အိမ်ကို လာလည်တဲ့ ကိုလင်းစစ်သူလည်း သေသွားသလို သူ့မိန်းမ ကိုယ်ဝန်သည်လည်း ဒဏ်ရာအပြင်းအထန်ရတယ်” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးတို့ကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက သိမ်ဇရပ် တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေကို အဲဒီမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို မေးထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း အမတ ၃၁၀ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် သိမ်ဇရပ်မြို့ရှိ သစ်စက်ဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အလုပ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013