ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေအကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေ ရွာထဲကျလို့ ရွာသား ၄ ဦး လောက် ထိမှန်ဒဏ်ရာရပြီး အထက ကျောင်းဆောင်နဲ့ အနီးနားတဝိုက်နေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။
ဇူလိုင် ၁၉ ရက်က တိုက်ပွဲဖြစ်ပြီး ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် စာသင်ကျောင်းနဲ့ အဆောက်အဦတွေ ပျက်စီးကုန်တာလို့ စစ်ဘေးရှောင် ဒေသခံက DVB ကို ပြောပါတယ်။
“ဖြစ်တာကတော့ ၁၉ ရက်နေ့ကတည်းကပေါ့၊ ကျမတို့က စစ်ဘေးရှောင်နေတော့ ချက်ချင်းမသိရဘူး။ ဖုန်းလိုင်းတွေလည်းမကောင်းဘူးလေ၊ ရွာပြန်ပြီး စားနပ်ရိက္ခာပြန်သယ်တဲ့ လူတွေဆီက ပြန်ပြောမှသိရတာ။ ရွာနားမှာ ကိုးကန့်စစ်သားတွေရောက်တာနဲ့ ၁၆ ရက်နေ့က တည်းက စစ်ရှောင်လာတယ်၊ ၁၉ ရက်နေ့မှာ သူတို့စတိုက်ကြတယ်။ ကျမတို့ ရွာဆောင်ကြဲရွာ အထက်တန်းကျောင်းပေါ်ဗုံးလား လက်နက်ကြီးလား မသိဘူးကျတယ်။ စာသင်ကျောင်း ပျက်စီးပြီး ရပ်ကွက် ၄ ထဲက နေအိမ်တွေလည်း ကျည်ထိတယ်။ ၂ လုံးက ပျက်စီးတယ်၊ ကျန်တာက နည်းနည်းပါးပါးထိတယ်။ ရွာစွန်မှာခြံလုပ်နေတဲ့ အိမ်ရှင်မတယောက်လည်း ဒဏ်ရာ ရတယ်။”
ဇူလိုင် ၂၀ မှာလည်း တိုက်ပွဲဆက်ဖြစ်ပြီး ရွာသား ၃ ဦး လက်နက်ကြီးကျည်ထိသွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။
ဆောင်ကြဲရွာဟာ သီပေါအရှေ့တောင်ဘက်မှာရှိပြီး အိမ်ခြေပေါင်း ၅၀၀ ကျော်၊ ရပ်ကွက် ၅ ကွက်နဲ့ ဖွဲ့စည်းထားတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ ရွာထဲကလူတွေကတော့ မိုင်းခေး၊ တိမောင်း၊ လွိုင်ငူး၊ လွိုင်တောင်း၊ ဝမ်ဇန့်၊ ကုန်းယုမ်း၊ ပန်ဆန်၊ ကောင်းလန်း၊ နားအုန်၊ စယ်ခန် စတဲ့ ရွာတွေမှာသွားပြီး စစ်ရှောင်နေရတယ်။ စစ်ဘေးရှောင်စဉ်ကာလ ဆောင်ကြဲရွာက နေအိမ်တွေ ဖောက်ထွင်းမွှေနှောက်ခံထားရတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်သတင်းတွေပေါ်မှာတော့ ဆောင်ကြဲရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို MNDAA ကိုးကန့်တပ်ဖွဲ့က ဇူလိုင် ၂၁ ရက်မှာ သိမ်းပိုက်နိုင်ပြီး နောင်ကော်စခန်းကို ဆက်သိမ်းဖို့ ရှေ့တိုးလာကြောင်း၊ နောင်ကော်၊ ကောင်းလန်း၊ ပန်ညု စတဲ့ရွာသားတွေလည်း စစ်ဘေးရှောင်နေကြပြီလို့ သိရပါတယ်။