Home
မြန်မာသတင်း
ပခုက္ကူ ကျပ်ထိုးရဲစခန်းမှ စစ်သားများ စခန်းစွန့်ထွက်ပြေး၊ သာကြီးတောင်ရေနံမြေရဲကင်းစခန်းကို သိမ်းပိုက်
DVB
·
August 22, 2024
Photo Crd-Pakokku People Defense Force – (PPDF)
Photo Crd-Pakokku People Defense Force – (PPDF)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးမှာ သြဂုတ် ၂၂ ရက် ဒီနေ့မနက်အစောပိုင်းက စခန်းစွန့်ခွာထွက် ပြေးသွားကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကျပ်ထိုးနယ်မြေရဲစခန်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးတို့မှာ ဒီကနေ့ သြဂုတ် ၂၂ရက် မနက် ၂ နာရီလောက်မှာ စခန်းစွန့်ခွာကာ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို သွားရောက် ပူးပေါင်းခဲ့တာလို့ Pakokku People Defense Force – PPDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီမနက် ၂ နာရီလောက်မှာ သေနတ်တွေဖောက်ပြီး ထွက်ပြေးကြတာပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းတော့ ရိက္ခာ ဆန်၊ ဆီ တချို့နဲ့ အသုံးအဆောင်တချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ လက်နက်တွေတော့ ယူသွားကြတယ်။”

ဒါ့အပြင် တော်လှန်ရေးတပ်တွေအနေနဲ့ သာကြီးတောင်ရဲကင်းစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာမှာ စခန်းအားစီးနင်းနိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးကာ စစ်ကောင်စီတပ်ထံမှ G3 (၂)လက်၊ BA94 (၄)လက်၊ MA13 တစ်လက်၊ ဒရုန်းပစ်သေနတ် တစ်လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ မိုင်းအမျိုးမျိုး၊ ငွေသားကျပ်သိန်း(၆၀)ကျော် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

သာကြီးတောင်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် အင်အား၃၀ခန့်မှာ ကမ္မမြို့‌မရဲစခန်းအတွင်း ပူးပေါင်းဝင်ရောက်သွားကြောင်းနဲ့ လက်ရှိမှာ စခန်းအပြင်သို့ ထွက်ရဲခြင်းမရှိတော့ဘဲ ပစ္စည်းဝယ်လိုပါက အနီးအနားလာရောက်သူတွေကို အတင်းအဓမ္မခေါ်ယူကာ ဝယ်ယူစေခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၀ ရက် မနက် ၁၁ နာရီ၀န်းကျင်ကလည်း ပခုက္ကူမြို့နယ်ထဲက သာကြီးတောင်ရေနံမြေရဲကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ တာ၀န်ခံတဦးက ပြောပါတယ်။ 

“မနက်စော ၄ နာရီလောက်မှာ စတင်ပြီးတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ချိန်က ၇ နာရီနီးပါးကြာခဲ့တယ်ဗျ။ မနက် ၁၁ နာရီလောက်မှာတော့ စခန်းသိမ်းနိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်က လေကြောင်းပစ်ကူ ၅ ကြိမ်လောက်လာပစ်လို့ ပြန်ဆုတ်ခဲ့ရတာ။ ရေနံမြေတခုလုံးကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။ သူတို့ဘက်က စစ်ကူလမ်းကြောင်းတွေကိုတော့ ပိတ်ဆို့ထားပါတယ်။ ရေနံမြေတခုလုံသိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။”

စစ်ကောင်စီနဲ့ပတ်သက်သူတွေ အဓိကလုပ်ကိုင်ပြီး နိုင်ငံတော်အဆင့်ရှိတဲ့ သာကြီးတောင်ရေနံမြေဟာ တမိုင်ပတ်လည်ကျယ်၀န်းကာ ရေနံမြေပတ်၀န်းကျင်ကိုလည်း ရဲကင်းစခန်းတွေ ချထားတယ်လို့ သိရပါတယ်။

“ရေနံမြေရဲ့ ပတ်၀န်းကျင်မှာရှိတဲ့ ရဲကင်းစခန်းတွေထဲက အဓိကကျတဲ့ ရဲကင်းကို တိုက်ခိုက်ခဲ့တာပါ။ ၅ ကောင်သေနေတာတွေ့ခဲ့တယ်။ ၂၀ ကျော်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့ အလံဖြူထောင်လက်နက်ချသူတွေရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာကြီးကြီးမားမား ရတဲ့သူမရှိပါဘူး” လို့ မြိုင်-ပကဖ စစ်ကြောင်းတာ၀န်ခံတဦးက ပြောပါတယ်။

အဆိုပါရဲကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ရဲတပ်ဖွဲ့၀င် ၃၀ နီးပါးရှိပြီး စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ကာ ရဲတပ်ဖွဲ့၀င် ၂ ဦးကတော့ အလံဖြူထောင်လက်နက်ချခဲ့ကြောင်း၊ စခန်းသိန်းတိုက်ပွဲကနေ ငွေသား သိန်း ၆၀ ကျော်၊ G3 သေနတ် ၂ လက်၊ BA 94 သေနတ် ၄ လက်၊ MA 13 သေနတ် ၁ လက်၊ ဒရုန်းပစ်သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နဲ့ မိုင်းမျိုးစုံတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သာကြီးတောင်ရေနံမြေ ရဲကင်းစခန်းတိုက်ခိုက်မှုကို ပေါက်-ပကဖ ဦးဆောင်ပြီး BLY ပြည်သူ့ကာ ကွယ်ရေး (ပေါက်)၊ မြိုင်-ပကဖ၊ FRF တပ်ဖွဲ့၊ BGF တပ်ဖွဲ့၊ ပကဖ-တပ်ပေါင်းစု အမှတ် ၁ တပ်ရင်း၊ ကမ္မတပ်ပေါင်းစု၊ Joker ပျောက်ကျားတပ်ဖွဲ့၊ B.R.A.F Drone Team၊ ပေါက်-ပကဖ Drone Team တို့နဲ့အတူ BLY Drone Team တို့ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်သိမ်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်နဲ့ ဧပြီလကလည်း သာကြီးတောင်ရေနံမြေရဲကင်းစခန်းက ရဲတပ်ဖွဲ့၀င် ၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်း၀င်ရောက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013