Home
မြန်မာသတင်း
ဟားခါးတွင် စစ်ကောင်စီတပ်သား ၂ ဦး သေနတ်နှင့်အတူ အလင်း၀င်
DVB
·
September 6, 2024
Photo Crd-CDF-Hakha

ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်ကောင်စီ တပ်သား ၂ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ စက်တင်ဘာ ၄ ရက်က အလင်း၀င်ရောက်လာတယ်လို့ Chinland Defense Force (Hakha) ဆီကနေ သိရပါတယ်။

Chinland Defense Force (Hakha) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက  “ဟားခါးမြို့ပေါ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ထဲက တပ်သားအဆင့် ၂ ယောက် အလင်း၀င်လာတာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးကို ဆုကြေးငွေအသီးသီး ချီးမြှင့်ပေးထားပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားပြီးပါပြီ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ G3 အမျိုးအစား သေနတ် ၂ လက်နဲ့အတူ အလင်း၀င်ရောက်လာကြတာ ဖြစ်ပါတယ်။

Chinland Defense Force (Hakha) ရဲ့ တာ၀န်ခံတဦးက “ကျနော်တို့ဆီကို စစ်ကောင်စီဘက်က အလင်း၀င်လာသူတွေ တိုးတိုးလာနေတယ်။ ဆက်လက်ပြီးတော့လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိကြတော့တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျနော်တို့ဆီကို အမြန်ဆုံးဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းလိုပါတယ်´´ လို့ ပြောပါတယ်။

Chinland Defense Force (Hakha) ကနေ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ အလင်း၀င်ရောက်ကြဖို့ ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလထဲမှာ ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အလင်း၀င်ရောက်လာသူတွေ လစဥ်တိုးတက်များပြားလာတယ်လို့ ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လူသားဆန်ဆန်ဆက်ဆံသွားမှာ ဖြစ်တဲ့အပြင် CDF-Hakha ကနေ စီစဥ်ထားတဲ့ လုံခြုံသည့်နေရာတွေမှာ နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးပြီးဆုံးတဲ့အထိ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင်ရှောက်မှုတွေကအစ ဆောင်ရွက်ပေးသွားမှာဖြစ်ကာ အလင်း၀င်လာတဲ့သူတွေအနေနဲ့ သွားလိုရာနေရာရှိရင်လည်း သွားရောက်နိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးမယ်လို့  CDF-Hakha ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013