Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နှင့် ကွင်း ၅၀၀ တပ်စခန်းကို PDF  သိမ်း၊ ဒုဗိုလ်မှူးကြီး ၁ ဦး အရှင်မိ၊ ဆားလင်းကြီး၌ ရဲ ၁ ဦး အလင်းဝင်
DVB
·
August 26, 2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ အပါအဝင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း တပ်ဆုတ်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ ဩဂုတ် ၂၅ ရက်မှာ ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၉ ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ဦးတောင်စေတီဘက်ကို ဆုတ်ခွာသွားကြတာလို့ အမှတ် ၁ စစ်ဒေသအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သြဂုတ်လ ၁၉ ရက်နေ့ထိ သပိတ်ကျင်းက တပ် ၃ တပ် အပါအဝင် ရဲနဲ့ ပျူစောထီး ပေါင်းထားတဲ့ အင်အား ၁၃၀ လောက် မြို့ထဲကထွက်ပြေးပြီး ဆုတ်ခွာသွားတာ။ မနေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထပ်ပြီးလိုက်တိုက်တာ ဒုဗိုလ်မှူးကြီးအဆင့်တဦးနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တာပါ။”

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသီးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ပြီး Y-12 ကလည်း ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ကာ Mi-35 ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့ သြဂုတ် ၂၅ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး စိုးမင်းသူနဲ့အတူ လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈,၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက်တခုနဲ့ တခြား လူသုံးကုန်စက်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်ဘက်က ရဲဘော် ၄ ယောက် ကျဆုံးခဲ့ကြောင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။

အမှတ် ၁ စစ်ဒေသ တော်လှန်ရေးတပ်တွေအနေနဲ့ ဩဂုတ် ၁၉ ရက်မှာ သိမ်းပိုက်လိုက်တဲ့ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာ သုသေတနတပ် (သနတ-၁)၊ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၂)၊ တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) နဲ့ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်မှာ မြို့ဦးတောင်စေတီဘက်ကို ဆုတ်ခွာသွားတာကြောင့် ဆက်လက်တိုက်ခိုက် သိမ်းပိုက်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကွင်း ၅၀၀ တပ်စခန်းကိုလည်း ဩဂုတ် ၂၅ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး (MDY-PDF) ကနေ သိရပါတယ်။

MDY-PDF ပြောရေးဆိုခွင့်ရှိသူက“ဒီစခန်းက မန္တလေး-မိုးကုတ်လမ်းပိုင်း အရှေ့ဘက်မှာ ရှိတယ်။ ဇရပ်ကွင်းမြို့နဲ့နီးတယ်။ အဲဒီတပ်စခန်းမှာက အင်အား ၄၀၀ နီးပါး ရှိပြီးတော့ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးတာပါ။ ဒီလဆန်းပိုင်းကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာ ရက်ပေါင်း ၂၀ အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် မိုးကုတ်-စဉ့်ကူး လမ်းပိုင်းကြားက စစ်ကောင်စီရဲ့ ဗျူဟာမြောက် တပ်စခန်းတွေ အပါအဝင် စခန်းငယ်တွေအားလုံး လုံးဝကင်းစင်သွားပြီ ဖြစ်​ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကွင်း ၅၀၀ တပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သြဂုတ် ၂၅ ရက်မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူတွေလည်း ရှိသလို လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

MDY-PDF တာဝန်ခံတယောက်က “နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြတဲ့အတွက် ဖမ်းဆီးရမိမှုနဲ့ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကိုတော့ နောက်မှထုတ်ပြန်ပေးပါမယ်။ သေနတ်ကိုင်တိုက်ရတာ ဖြစ်လို့ ကျနော်တို့တပ်ပေါင်းစုတွေဘက်ကလည်း ပေးဆပ်မှုတချို့ ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး (MDY-PDF) နဲ့ တပ်ပေါင်းစုတွေဟာ သပိတ်ကျင်းမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်း ၉ ခုကို အရင်လကတည်းက သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီက လက်နက်တလက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက‌နေ သိရပါတယ်။

အဆိုပါရဲတပ်သား အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မှာ ဆားလင်းကြီးမြို့နယ်၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး သေနတ်တလက်နဲ့ ကျည်ဆန်တချို့ပါ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ တာဝန်ရှိသူ ဗိုလ်စွမ်းသူမောင်က “သူနဲ့အတူပါလာတာက G3 ရယ် ကျည် ၁၅ တောင့် ပါခဲ့တယ်ဗျ။ အလင်းဝင်လာတဲ့ ရဲက တပ်သားအဆင့်ပါဗျ။ ကိုယ်ပိုင်နံပါတ်က လ-၂၉၉၉၃၉၊ နာမည်က ဝင်းကို ဖြစ်တယ်ဗျ။ အလင်းဝင်လာတဲ့ ရဲဘော်ကို သိန်း ၅၀ ဂုဏ်ပြုချီးမြင့်ပေးခဲ့တယ်” လို့ ‌ေပြာပါတယ်။

တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ထံကို ဆားလင်းကြီးမြို့‌ေပါ်က ရဲတွေ အလင်းဝင်‌ေရာက်လာတာဟာ ဒီအကြိမ်နဲ့ဆိုရင် ၂ ကြိမ်အထိရှိပြီး ပထမအကြိမ်မှာ လက်နက်မပါဝင်ခဲ့ဘူးလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013