စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တယောက်ဟာ လက်နက်ခဲယမ်းတွေ နဲ့အတူ သြဂုတ် ၂၀ ရက်မှာ အလင်းဝင်လာတယ်လို့ Freedom Revolution Force (FRF) ကနေ သိရပါတယ်။
FRF ပြန်ကြားရေးတာဝန်ခံ တဦးက “တန့်ဆည်မြို့မရဲစခန်းက ဒုတပ်ကြပ် မင်းကင်းတပ်ရင်း ၂ ပူးပေါင်းအဖွဲ့ဆီကို အလင်းဝင်လာတယ်”လို့ ပြောပါတယ်။
ရဲဒုတပ်ကြပ်ဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ၉ မမ ပစ္စတိုကျည် ၇ တောင့်၊ ရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၁ ခုတို့နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
FRF တာဝန်ခံတယောက်က “ကျနော်တို့ ရဲဘော်တွေက သူ့ကို သွားခေါ်ပေးခဲ့ရတယ်။ အခု အားလုံး လုံခြုံသွားပါပြီ။ ဆုကြေးငွေ ချီးမြှင့်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ လွတ်မြောက် နယ်မြေကို သွားမလား၊ ဒီမှာပဲ ကျနော်တို့နဲ့အတူ အာဏာရှင်ကို တိုက်ပွဲဝင်မလား ဆိုတာကတော့ သူ့သဘောအတိုင်းပဲ” လို့ ဆိုပါတယ်။
ကျန်သေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။