Home
မြန်မာသတင်း
မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား ၃ ဦး အလင်းဝင်
DVB
·
August 1, 2024

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၃ ဦး မနေ့ ဇူလိုင် ၃၁ ရက် မနက်အစောပိုင်းက လက်နက်နဲ့အတူ အလင်းဝင်ရောက်လာကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း-၁၆ ကနေ သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၁ - Brother Defense Force နဲ့ ချိတ်ဆက် အလင်းဝင်လာတဲ့ ရဲတပ်သား ၃ ဦးမှာ မနေ့မနက် ၁ နာရီဝန်းကျင်လောက်က ကင်းတာဝန်ကျနေရာက ရောက်ရှိလာတာဖြစ်ကြောင်း တပ်ရင်း ၁၆ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ ၃ ဦးက တပတ်စဉ်တည်း တက်ခဲ့တဲ့ သူငယ်ချင်းတွေပါ။ CDM ဝင်တဲ့သူတွေ များနေလို့ဆိုပြီး ကင်းကျတဲ့အချိန်မှပဲ သူတို့ကို လက်နက်ပေးထားတာလို့ ပြောတယ်။ ထွက်တဲ့အချိန်က တယောက်က ကင်းကျနေတဲ့အချိန် ထွက်လာတာဆိုတော့ ကျန်တဲ့ နှစ်ယောက်က လက်နက်မယူနိုင်ခဲ့ဘူး။”

အဲဒီ ရဲတပ်သား ၃ ဦးနဲ့အတူ G-3 တလက်၊ 7.62 ကျည် အတောင့် ၁၀၀၊ ကျည်ဘောက် ၂ ခုနဲ့ လက်ကိုင်ဖုန်း ၃ လုံး ပါ ရရှိခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဖြစ်တဲ့ ကိုဝင်းမင်းသူ၊ ကိုစိမ်းမောင်မောင်နဲ့ ကိုမင်းခန့်သူတို့ ၃ ဦးမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းက ရဲသင်တန်းဆင်းထားသူတွေဖြစ်ကာ အလင်းမဝင်ခင်အထိ ဝမ်ပေါင်ကုမ္ပဏီထဲမှာရှိတဲ့ ဘန်ကာတခုမှာ အ‌စောင့်တာဝန် ကျနေသူတွေဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ မှာ အလင်းဝင်တပ်သား ၇ ဦးထိရှိလာပြီး ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့သေးကြောင်း တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024