နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒက္ခိဏသီရိ မြို့မရဲစခန်းက ဒုတပ်ကြပ်အဆင့်ရှိ ရဲမေတဦးဟာ ဩဂုတ် ၄ ရက်မှာ ရေစကြို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Royal Eagle-LPDF ဆီကို အလင်းဝင်ရောက်လာပါတယ်။
Royal Eagle-LPDF ရဲ့ တာဝန်ခံတဦးက “ပြည်သူအပေါ်မှာ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့လို့ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာလို့ သူ့ဆီကနေ သိရပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ဒုတပ်ကြပ်အဆင့်ရှိ ရဲမေဟာ G3 ကျည် ၂၄ တောင့်၊ ၉ မမကျည် ၂၅ တောင့်နဲ့အတူ လက်ပ်တော့ပ် ကွန်ပျူတာတလုံးတို့ ယူဆောင်ပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
Royal Eagle-LPDF ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “သတ်မှတ်ထားတဲ့ ဆုကြေးငွေ ပေးအပ်ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေတခုဆီကို ပို့ဆောင်ထားပေးပါတယ်။ လက်ရှိ စစ်ကောင်စီ လက်အောက်ခံတွေ အနေနဲ့လည်း ကိုယ်နဲ့နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီမှာ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တဦးဟာ Royal Eagle - PDF ဆီကို အလင်းဝင်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။