Home
မြန်မာသတင်း
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က အရာရှိများ အပါအဝင် ၅၄ ဦး အလင်းဝင်
DVB
·
August 2, 2024

စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၄ ဦး ဇူလိုင်လအတွင်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာကြသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးအဆင့်သူ ၂ ဦး၊ ဗိုလ်ကြီးအဆင့် ၅ ဦး၊ ဗိုလ်အဆင့် ၁ ဦးတို့ အပါအဝင် ရဲနဲ့ စစ်သား ၅၄ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ MA 1 လက်နက် ၉ လက်၊ MA 2 လက်နက် ၃ လက်၊ MA 3 လက်နက် ၂ လက်၊ MA 4 လက်နက် ၁ လက်၊ MA 5 လက်နက် ၂ လက်၊ G3 လက်နက် ၃ လက်၊ BA 63 သေနတ် ၁ လက်၊ HK သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ အီနာဂါဗုံးသီး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ ကျည်ဆန်မျိုးစုံ ၃,၈၇၁ တောင့် အပါအဝင် ဆက်စပ်စက်ပစ္စည်းတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တပ်ရင်းတွေ၊ ပကဖတွေဆီကို ဆက်သွယ်ပြီး အလင်းဝင်ရောက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့​ကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ယူဆောင်ပြီး အလင်းဝင်ရောက်လာကြသူတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးတွေအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပြည်သူ့ဘက် ရပ်တည်လိုကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ဝင်ရောက်ခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013