Home
မြန်မာသတင်း
စစ်ကိုင်း-မန္တလေးနယ်စပ် မြို့အဝင်အထွက်ကို စစ်ကောင်စီ ထိန်းချုပ်
DVB
·
August 1, 2024

စစ်ကိုင်း-မန္တလေးနယ်စပ် ဝက်လက်၊ အရာတော်၊ ရေဦး၊ ခင်ဦး၊ စစ်ကိုင်းမြို့နယ်တွေကို အဓိကကုန်စည်ဖြန့်ဝေတဲ့ ရွှေဘိုမြို့ အဝင်အထွက်ဂိတ်တွေကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ရဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းဟာ မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးနယ်တွေအထိ သက်ရောက်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

မြို့တော်မုံရွာ အပါအဝင် စစ်ကိုင်းတိုင်းထဲက ကျန်တဲ့မြို့ကြီးတွေမှာလည်း စစ်ကောင်စီက ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေကို ကန့်သတ်ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ခင်ဦးဒေသခံတဦးက “ရွှေဘို ကန်တော်ဘက်က ဂိတ်ကပိတ်တာ၊ ရက်သတ်မှတ်ချက် မရှိဘူး။ စက်ဘီး ဆိုင်ကယ်ကအစ မလာရဘူး၊ လာရင်ပစ်သတ်မှာလို့ အဲဒီတိုင်း ပြောတာတဲ့။ ခါတိုင်းဆို ကားတွေပိတ်တယ်ဆို ဆိုင်ကယ်သွားလို့ ရသေးတယ်လေ။ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတယ်လို့ အငတ်ဘေးဆိုက်အောင် လုပ်နေတယ်လို့ ထင်တာပဲလို့။ ကုန်ဈေးနှုန်း အဆမတန်တက်၊ လမ်းကြောတွေကပိတ်၊ ဘာမှဝယ်ခြမ်းမရ၊ စားသောက်ကုန်ကအစ အကုန်လုံး ခက်ခဲတော့တာလေ။ ပြတ်လပ်မှုတွေ အားလုံး ဝယ်မရ ခြမ်းမရတွေဖြစ်ရင် စား ဖို့သောက်ဖို့တွေလည်း အခက်အခဲဖြစ်ရင် ရှေ့လျှောက်ဆိုရင် လုတာ ယက်တာတွေတောင် ဖြစ်ချင်ဖြစ်လာဦးမှာ” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းယူထားပြီး မတ္တရာမြို့နယ်ရဲ့ ၄ ပုံ ၃ ပုံဝန်းကျင် စစ်ကောင်စီ တပ်စခန်း ၃၅ ခုအထိ ဇူလိုင်လထဲမှာ PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ရေးအရ အသာစီးယူနိုင်ခဲ့ပေမဲ့ ရိက္ခာနဲ့ သွားလာရေးအတွက် လိုအပ်တဲ့ စက်သုံးဆီ ပြတ်လပ်မှု ပြဿနာကို ဒေသတွင်း ပြည်သူတွေနဲ့ PDF တွေ ကြုံတွေ့နေရတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ဘက်က ရိက္ခာနဲ့ စက်သုံးဆီ ရယူဖို့ မဖြစ်နိုင်တဲ့အတွက် စစ်ကိုင်းတိုင်းဘက်ကို အားပြုနေရချိန်မှာ လမ်းပန်းခရီး ပိတ်ဆို့ပြတ်တောက်မှုတွေကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

မတ္တရာPDF တာဝန်ရှိသူ ဦးတိုးက “စက်သုံးဆီဈေးနှုန်းက မန္တလေး ရဲ့ဒီနေ့ပေါက်ဈေးက 95 တပေပါကို ၆၆၀,၀၀၀ ကျော်ရှိတယ်။ Denko တို့ ဘာတို့ကနေ ဝယ်ပြီးတော့ တဆင့်ယူရောင်းတဲ့ လက္ကားသည် ရှိတယ်။ ၈ သိန်းခွဲ၊ ၈သိန်း ၆ သောင်း၊ ၉ သိန်းဝန်းကျင်နဲ့ ပြန်ဖြန့်တယ်။ တပေပါပေါ်မှာ အမြတ် ၃ သိန်းနီးပါး ယူလိုက်တယ်။ တဆင့်လက္ကားသည်ဆီကနေ ပြန်ဝယ်ပြီးတော့ လက္ကားရောင်းတဲ့သူတွေ ရှိတယ်။ သူတို့က ပေပါလိုက်တော့ မရောင်းဘူး။ တပေပါဆိုလို့ရှိရင် ၅ ဂါလံပုံး ၁၀ ပုံးရှိတယ်၊ ၁၀ သိန်းကျော်နဲ့ ရောင်းတယ်။ ၂ ဆင့်ခံသွားပြီးတဲ့အခါမှာ လက်လီရောင်းတဲ့သူတွေက ဆီတဘူးကို ၆,၀၀၀ ရောင်းတယ်။ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ထဲမှာ ၂ ဆင့်ခံသွားပြီးတဲ့နောက် မြစ်အရှေ့ဘက်ကမ်းက လူတွေကို ဆီ ၅ ဂါလန်ပုံး တပုံးကို ၁၂၀,၀၀၀ နဲ့ ပြန်ရောင်းတယ်။ အဲဒီတော့ အရှေ့ဘက်ကမ်းမှာက စစ်ဆင်ရေးဆောင်ရွက်နေတာ၊ ပြည်သူတွေကလည်း စစ်ဘေးရှောင်နေရတယ်၊ အငတ်ဘေးဆိုက်နေတယ်။ ပေါင်မုန့်တလုံးကို မန္တလေးကနေ တက်ဝယ်ပြီးတော့ အနောက်ဘက်ကနေ သယ်လာတယ်။ မြစ်အရှေ့ဘက်ကမ်းကို ထပ်သယ်တယ်။ ၁,၀၀၀ တန်ကို ၅,၀၀၀ ရောင်းတယ်။ အဲဒါတွေကို ထိန်းချုပ်ဖို့လည်း အခက်အခဲဖြစ်နေတယ်။ တင်ပြထားတာတွေလည်း ရှိတယ်၊ ဆောင်ရွက်ရခက်ခဲတဲ့ အနေအထားမှာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေချိန်မှာ ဖြတ် ၄ ဖြတ်စနစ်နဲ့ ပြန်တုံ့ပြန်ဖို့ ကြိုးစားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေအကြားမှာ ကုန်ဈေးနှုန်း အဆမတန်တက်တာ၊ ကုန်စည်ပြတ်တောက်တာ စတဲ့ပြဿနာတွေကို ဒေသခံတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် အရေးပေါ်အကူအညီ လိုအပ်နေတဲ့ ပြည်သူ ၃ သန်းဝန်းကျင် ရှိနေတယ်လို့ ကုလသမဂ္ဂအစီအရင်ခံစာတွေက ဖော်ပြနေပေမဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လက်ဝယ်ရောက်အောင် ထောက်ပံ့ပေးနိုင်တာမျိုး မရှိသေးပါဘူး။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013