မြန်မာနိုင်ငံတဝန်း တိုင်းစစ်ဌာနချုပ်အလိုက် မိမိနယ်မြေအတွင်းမှာရှိတဲ့ PDF အဖွဲ့တွေကို ၂ လအတွင်း နှိမ်နင်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေသာမက ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ တိုင်းစစ် ဌာနချုပ်က တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ တိုင်းစစ်ဦးစီးချုပ်တွေကို ညွှန်ကြားတာဖြစ်တယ်လို့ နတခတိုင်းနဲ့နီးစပ်သူ တဦးက DVB ကို ပြောပါတယ်။
"ကက (ကြည်း)က ညွှန်ကြားတာပါ ဧရာဝတီတိုင်းမှာ PDF အဖွဲ့တွေမရှိပေမယ့် AA အဖွဲ့တွေဝင် လာမှာစိုးရိမ်ရလို့ ဖြတ်လေးဖြတ်ကို နတခကစီစဥ်ရတယ် ကြိုတင်စုဖွဲ့မှုတွေ လုပ်ရတယ်။”
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာတော့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦးက ဦးဆောင်ကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ PDF ထောက်ပို့ အဖွဲ့ဝင်တွေကို ရှာဖွေဖမ်းဆီးစစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့ တိုင်းအစိုးရနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ရန်ကုန်မှာ တိုင်းစစ်ဌာနချုပ်နဲ့ ထလရနိုင်အဖွဲ့တွေစုပြီး ဆန္ဒပြတာ နိုင်ငံရေးတက်ကြွလှုပ်ရှား
သူတွေကို ဖမ်းဆီးစစ်ဆေးတာလုပ်နေတာတွေရှိတယ်။ PDF သတင်းပေးတွေအတွက် တန်ပြန်အဖွဲ့တွေဖွဲ့ထားတယ်။"
စစ်ခေါင်းဆောင်က သြဂုတ် ၂၃ ရက်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူး၊ တိုင်းစစ်ဦးစီးချုပ်၊ နယ်မြေခံတပ်တွေနဲ့ တွေ့ဆုံကာတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ PDF အဖွဲ့တွေကို နှိမ်နင်းဖို့ ပြောဆိုခဲ့တာလည်းရှိပါတယ်။
လတ်တလောမှာ စစ်ကောင်စီဘက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြန်ရရေးအတွက် ရပခတိုင်း၊ ရလခတိုင်း၊ တသခတိုင်းအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေစုစည်းကာ လုပ်ဆောင်နေ တာလည်းရှိပါတယ်။
မြန်မာပြည်ဒေသအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပါအဝင် တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာမှာ မြို့ပေါင်း ၈၀ နီးပါးကို ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို နေ့စဉ်လိုလို တိုက်ခိုက် နေတာဖြစ်ပါတယ်။