Home
မြန်မာသတင်း
တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို PDF သိမ်းပိုက်
DVB
·
August 21, 2024
PDFKeptTadaUAir_21082024

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို သြဂုတ် ၂၀ ရက်၊ ညနေ ၃ နာရီ၀န်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ Natogyi People Defense Force ဆီကနေ သိရပါတယ်။

Natogyi People Defense Force ရဲ့ တာ၀န်ခံတဦးက “ကျနော်တို့ ၀င်တဲ့အချိန် ဘယ်သူမှ မရှိကြတော့ မတိုက်လိုက်ရဘူးပေါ့ဗျာ။ ကျနော်တို့ သတင်းရထားတာတော့ ဒီစခန်းမှာက သူတို့အင်အား ၂၀ ၀န်းကျင်ပဲရှိတာ။ စခန်းမှာရှိတဲ့သူတွေအားလုံး ထွက်ပြေးသွားကြတော့ မတိုက်လိုက်ရဘဲ စခန်းသိမ်းနိုင်လိုက်တယ်” လို့ DVB ကို ပြောပါတယ်။

တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့​တယ်လို့လည်း ဆိုပါတယ်။

Natogyi People Defense Force ရဲ့ ပြန်ကြားရေးတာ၀န်ခံက “အခု တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းဟာ တံတားဦးလေဆိပ်နဲ့ဆိုရင် ၁၃ မိုင်လောက် ကွာပါတယ်။ ဒီစခန်းက အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တာ။ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို စာရင်းပြုစုပြီး နောက်မှ ထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။

တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို Natogyi PDF မြင်းခြံခရိုင်တပ်ရင်း ၄၊ တပ်ရင်း ၁၀၊ တံတားဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့  သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၁၀ စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)အဖြစ်  ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါစစ်ဆင်ရေးကာလအတွင်း ပြည်သူတွေအနေနဲ့ မြင်းခြံ-နွားထိုးကြီး-တောင်သာ ကားလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း ဒေသပြည်သူ့ကာ​ကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013