စစ်သင်တန်းဆင်းလာတဲ့ စစ်သားတဦးဟာ မိသားစုနဲ့အတူ ဩဂုတ် ၂၇ ရက်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တောင်သူဦးကြီးများအဖွဲ့ (LDF) ဆီကို အလင်း၀င်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
တောင်သူဦးကြီးများအဖွဲ့ (LDF) ရဲ့ ပြန်ကြားရေးတာ၀န်ခံက “ကျနော်တို့အဖွဲ့ဆီကို ပထမဦးဆုံး အလင်း၀င်လာတဲ့သူ ဖြစ်ပါတယ်။ စစ်သင်တန်းဆင်းပြီး ရှမ်းပြည်ဘက်ကို အပို့ခံရလို့ ထွက်ပြေးလာတဲ့ တပ်သားအဆင့် မောင်ဖြူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အသက် ၃၀ ၀န်းကျင်ရှိတဲ့ တပ်သားမောင်ဖြူဟာ မေလဆန်းပိုင်းက စစ်တပ်ရဲ့ ဖမ်းဆီးတာခံရပြီး ပြင်ဦးလွင် စစ်သင်တန်းကျောင်းမှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
တပ်သားမောင်ဖြူဟာ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၇၉ တောင့်တို့အပါအ၀င် မိသားစုနဲ့အတူ အလင်း၀င်ရောက်လာတာဖြစ်ပြီး လက်ရှိ လုံခြုံတဲ့နေရာကို ပို့ကာ အဆင်ပြေအောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကနေ မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်အလင်း၀င်ရောက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားတယ်လို့ သိရပါတယ်။