Home
မြန်မာသတင်း
ကလေးစစ်သား ၁ ဦး သေနတ် ၂ လက်နှင့်အတူအလင်းဝင်
DVB
·
September 8, 2024
Photo - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ တာဝန်ကျနေတဲ့ ကလေးစစ်သားတယောက်ဟာ စက်တင်ဘာ ၅ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ သေနတ် ၂ လက်ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။

ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “သူ့ကို အသက် ၁၄ နှစ်သား အရွယ်ကတည်းက တပ်ထဲအဓမ္မအထည့်ခံခဲ့ရတာ။ ရွှေဘို စခတ ၈ မှာ ၄ လ စစ်သင်တန်းတက်ပြီး သင်တန်းဆင်းကတည်းက တခြားမပို့ဘဲ ဝက်လက်မှာပဲ ကျန်နေခဲ့တာ။ အခု အလင်းဝင်တဲ့အချိန် သူ့အဆင့်က တပ်စိပ်မှူးအဆင့်ဖြစ်နေပြီး အသက်ကတော့ ၁၈ နှစ်ထဲမှာပဲ ရှိသေးတယ်။ ရွှေဘို-ဝက်လက်နယ်တကြော စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါတိုင်း သူ လိုက်ခဲ့ရတယ် ပြောတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်လာသူဟာ အရင်က ဝက်လက်မှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးထက်အောင်ကျော်က သူနဲ့ သူ့မိသားစုကို အတင်းအဓမ္မခြိမ်းခြောက်လို့ အသက် ၁၄ နှစ်သားအရွယ် ၂၀၂၁ ခုနှစ်ကတည်းက စစ်တပ်ထဲ အထည့်ခံခဲ့ရတာလို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “သူ လုံခြုံရေးတာဝန်ကျနေတဲ့ ဝက်လက်မြို့မရဲစခန်းမှာ ကင်းတာဝန်ကျနေတဲ့အချိန် သူ့ အထက်အရာရှိ ဗိုလ်ကြီးကျော်မင်းခိုင် အရက်မူးပြီး အိပ်ပျော်နေတုန်း ကျနော်တို့ဆီကို ဆက်သွယ်ပြီး အလင်းဝင်လာခဲ့တာပါ။ သူ့လိုပဲ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ စစ်တပ်ထဲမှာ အများကြီး ကျန်နေသေးတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ အသက် ၁၈ နှစ်အရွယ် စစ်ကောင်စီတပ်သား တပ်စိပ်မှူးအဆင့်ရှိသူဟာ AK 47 သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၄၅ တောင့်၊ ၇.၆၂ ကျည် အတောင့် ၂၀ တို့နဲ့အတူ အလင်းဝင်လာတာဖြစ်တဲ့အတွက် ငွေကျပ် ၆၅ သိန်း ချီးမြှင့်ပေးခဲ့ပြီး လုံခြုံ စိတ်ချရတဲ့နေရာဆီကို ပို့ဆောင်ပေးထားတယ်လို့လည်း ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013