Home
မြန်မာသတင်း
ပလမြို့တွင် စစ်တပ်က အင်အားတိုးချဲ့ပြီး အရပ်သားများကို ဖမ်းဆီးထား
DVB
·
September 6, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထားပြီး အရပ်သား ၁၀ ယောက်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက ကျောက္ကာရွာကနေ ရေလမ်းကတဆင့် ပလမြို့ရဲစခန်းမှာ ခန့်မှန်းအင်အား ၈၀ လောက် ဖြည့်တင်းထားတယ်လို့ ပုလောပကဖဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် မနက် ၆ နာရီဝန်းကျင်လောက်မှာ ပလမြို့အောက်ဘက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

PDF မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီတပ်က အရပ်သားတွေ ဖမ်းဆီးထားတာရှိတယ်။ တိုက်ပွဲကတော့ အခုလက်ရှိမှာ အခြေအနေ မတည်ငြိမ်သေးလို့ ပြောခွင့်မရှိသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ ၄ ရက်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား ၁၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အသက်ကြီးပိုင်း ၅ ယောက်ကို ပြန်လည်လွှတ်ပေးကာ ၁၄ ‌ေယာက်ကို ထိန်းသိမ်းထားတယ်လို့ ပုလော ပကဖ ကနေ သိရပါတယ်။

မြို့ခံတယောက်က “သူတို့ ပလမြို့မှာ အင်အားလာဖြည့်ကတည်းက ရွာသားတွေ ဘယ်သူမှ အပြင် မထွက်ဘူး။ ၄ ရက်နေ့မှာ စဖမ်းဆီးတော့ တချို့ကလည်း နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပလမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီရဲ့ ပလစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ က ရန်ကုန်ကလာတဲ့ ဘိုင်းပြင်ရွာသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013