Home
မြန်မာသတင်း
သီပေါမြို့ ခလရ-၂၃ တပ်ကို TNLA နှင့် ပူးပေါင်းတပ်များ ဝိုင်းပတ်ပိတ်ဆို့ထား
DVB
·
September 4, 2024

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ ခလရ-၂၃ တပ်ကို TNLA ဦးဆောင်တဲ့တပ်တွေက ဝိုင်းပိတ်ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ ရိက္ခာတွေ ချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံထက်ဝက်လောက်ကတော့ စစ်ရှောင်နေတုန်းဖြစ်ပြီး အခြေခံစားသောက်ကုန်တွေ လိုအပ်နေပါတယ်။

သီပေါမြို့သိမ်းတိုက်ပွဲကို TNLA ဦးဆောင်တဲ့တပ်တွေက ဩဂုတ်  ၁၀ ရက်မှာ စတင်ခဲ့ပြီး ၁ လနီးပါး ကြာမြင့်လာပါပြီ။

TNLA က မြို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားပေမဲ့  စကခ-၁ လက်အောက်ခံ ခမရ - ၅၀၃၊ ၅၀၄ နဲ့ ခလရ-၂၃ တပ်နေရာတွေကို ဝိုင်းပိတ်ထားပြီး သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

မြို့နဲ့အနီးဆုံးမှာရှိပြီး အခိုင်အမာ ခံစစ်ပြင်ထားတဲ့ ခလရ-၂၃ တပ်ထဲကိုတော့ စစ်ကောင်စီဘက်က တပတ်တခါ ရိက္ခာတွေချပေးနေကြောင်း သီပေါဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“၂၃ ထဲမှာပဲ အဓိက သွားပြီးပေါင်းနေတော့တာ။ အဲဒီ ၂၃ ကိုပဲ ကျနော်တို့ တိုက်ဖို့အတွက်ကို ကျန်နေတာလို့ သိရတယ်။ နေ့စဉ်တိုက်ခိုက်မှုတော့ မလုပ်ဘူးပေါ့လေ။ ဖြတ်တောက်ပိတ်ဆို့ပြီးလို့ရှိရင် ရန်သူကို တဖြည်းဖြည်း အင်အားချည့်နဲ့အောင် လုပ်ပြီးလို့ရှိရင် သိမ်းယူမယ့် ပုံစံမျိုးလို့တော့ မြင်တယ်။ နောက်တခါကတော့ ရန်သူဘက်က ရိက္ခာက သူတို့ဘက်ကနေပြီးတော့ Y-12 လေယာဉ်နဲ့ လာပြီးလို့ရှိရင် ရိက္ခာချတာမျိုးတွေလည်း တွေ့ရတယ်။ ဟိုနေ့ကဆိုရင် လေယာဉ် ၉ ခေါက်ပတ်ပြီးလို့ရှိရင် အထုပ် ၉ ထုပ်ချတာကို သိရတယ်။ ရန်သူ့လက်ထဲကို ရောက်တာလည်းရှိတယ်။ မရောက်တာလည်း ရှိတယ်လို့ သိရတယ်ဗျ။”

တဖက်မှာလည်း သတင်းရရင် ရသလို စစ်တပ်က သီပေါမြို့ထဲနဲ့ အနီးဝန်းကျင်နေရာတွေကို ဗုံးကြဲလေ့ရှိပြီး ခလရ-၂၃ တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဩဂုတ် ၁ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ ၁ လဝန်းကျင်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၂ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ခလရ-၂၃ နားက ရပ်ကွက်၊ ကျေးရွာတွေအပြင် ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရတုန်းဖြစ်ပြီး အခြေခံစားသောက်ကုန်တွေလည်း လိုအပ်နေကြောင်း သီပေါအခြေစိုက် ပရဟိအဖွဲ့ဝင်တယောက်က ပြောပါတယ်။

သီပေါမြို့ခံ ပရဟိတအဖွဲ့ဝင်တယောက်က “၅၀ ရာခိုင်နှုန်းလောက်ကတော့ ပြန်နေပြီဗျ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ပြေးနေတုန်းဗျ။ စစ်ရှောင်တွေကျတော့ ကျနော်တို့ စာရင်းအရဆို ၁,၀၀၉ ဦးရှိတယ်ဗျ။ တခြားရွာတွေမှာရော ရှိတယ်ဗျ။ ကျနော်တို့ လက်လှမ်းမမီသေးတော့ သွားလို့မရဘူး ဖြစ်နေတယ်ဗျ။ ရိက္ခာကျတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က သွားကြည့်တာကြတော့ ဘယ်လိုလဲဆိုတော့ တော်တော်လေးကို ယားနာတွေလည်း ပေါက်ကြတယ်။ ပြီးတော့ ဆန်ပဲ ထောက်ပံ့နိုင်တယ်ပေါ့နော်၊ ဆန်ပဲ ထောက်ပံ့နိုင်ပြီးတော့ ဆန်တွေ ဝေလိုက်ပြီးတော့မှ ဟင်းကြတော့ သူတို့အစီအစဉ်နဲ့ စီစဉ်ကြတယ်။ အဲဒီလိုပုံစံမျိုးဗျ။ ဆန်ကြ‌တော့ ကွက်တိလောက်ပေါ့၊ အလှူရှင်တွေက ၃ အိတ်လာလှူပြီဆို ၁ ရက်စာတော့ ရလိုက်တယ်ဗျာ။ နောက်တရက်ကျတော့ မရှိတော့ဘူး။ အဲလိုပုံစံမျိုး။ စားနပ်ရိက္ခာကျတော့ အကုန်လုံးနီးပါးကို လိုအပ်တယ်ဗျ။ မြို့ထဲကျတော့ သူက တချို့လှူဒါန်းမှုတွေ ရှိနေတယ်ဗျ။ အဲဒီလိုလှူဒါန်းမှုတွေကို လာပြီး တန်းစီးပြီးယူတဲ့သူက တော်တော်များတယ်ဗျ” လို့ ပြောပါတယ်။

လုံခြုံရေးကြောင့် စစ်ရှောင်တွေရှိတဲ့ ကျေးရွာနဲ့ နေရာတွေကို အတိအကျ မပြောပြနိုင်ပေမဲ့ မြို့ခံပရဟိတအဖွဲ့တွေ အားလုံးကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သူကဆိုပါတယ်။

လက်ရှိ မြို့မှာနေသူတွေနဲ့ အဝေးရောက် သီပေါမြို့ခံတွေက အများဆုံးကူညီနေကြပြီး ဆေးဝါးနဲ့ ဆန်ရိက္ခာတွေ လိုအပ်နေတုန်းဖြစ်ကြောင်း ပြောပါတယ်။

ကျန်းမာရေးအနေနဲ့ မြို့ပေါ်မှာ အရပ်ဘက်အဖွဲ့တချို့က ဆေးခန်းငယ်လေးဖွင့်ထားပြီး လုံခြုံရေးအနေနဲ့ကတော့ TNLA ရဲဝန်ထမ်းတွေက ညတိုင်း ကင်းလှည့်ပေးနေကြောင်း သိရပါတယ်။

TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ထိန်းချုပ်နိုင်ထားတာလည်း ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013