စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဩဂုတ်လအထိ စစ်ကောင်စီတပ်က မြန်မာသတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းထောက်နဲ့ သတင်းအလုပ်ဆက်စပ်လုပ်ကိုင်သူ ၆၂ ယောက်ကို ဖမ်းဆီးထောင်ချထားဆဲဖြစ်တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF )ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဩဂုတ် ၂၁ ရက်က ကျိုက်ထိုမှာ DVB သတင်းဌာနရဲ့ ဒေသတွင်း အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူတို့ နှစ်ယောက်ကို စစ်တပ်က နေအိမ်မှာ ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ပါတယ်။
လက်နက်မဲ့ သတင်းသမားတွေကို စစ်တပ်က အင်အားသုံးပြီး သတ်ဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိကြောင်းနဲ့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်းကို သေဆုံးသူ ၂ ယောက်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သူတို့နှစ်ယောက် ဘာလုပ်လဲဆိုတာ ကျမတို့က ကောင်းကောင်းသိတယ်။ ကျမတို့နဲ့ သတင်းရယူရေးကိစ္စတွေကို အမြဲတမ်း ဆက်သွယ်ပြောနေကျသူတွေ ဖြစ်တယ်။ သူတို့နှစ်ယောက်က လက်နက်ကိုင် PDF တွေ မဟုတ်ဘူးဆိုတာ ကျမတို့ ကောင်းကောင်းသိတယ်။ ဒီလိုမျိုး တမင်စွပ်စွဲပြီး သတ်တဲ့အပေါ်မှာ ကျမတို့က စကစကို မကျေနပ်ဘူး၊ မုန်းလည်းပိုမုန်းတယ်။ သတင်းသမားတယောက်ရဲ့အိမ်ကို သေနတ်တွေ ပစ်ခတ်ပြီး ဝင်ပြီးဖမ်းဆီးတယ်၊ သတ်တယ်ဆိုတာက မလုပ်သင့်တာ၊ ဒီအိမ်မှာ သတင်းသမားတွေအပြင် သူတို့ရဲ့မိသားစုတွေ ရှိနေနိုင်တယ် ဆိုတဲ့ဟာမျိုးကို သူတို့ ထည့်တွက်ရမယ်။ ကိုယ့်ရဲ့ မောင်တွေ အစ်ကိုတွေရယ်လိုမျိုးတွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျမ ယူကြုံးမရဖြစ်မိတယ်။ ကျမတို့အနေနဲ့ အခုချိန်မှာ ဘာမှမလုပ်နိုင်သေးပေမဲ့ တချိန်ချိန်မှာ သူတို့အတွက်ကို တရားမျှတမှု ယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်ရှင့်။”
အခုလို စစ်တပ်က အင်အားသုံးပြီး နေအိမ်ထိ ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ တုန်လှုပ်ချောက်ချားမိကြောင်း၊ သတင်းထောက်တွေအပေါ် အကြမ်းဖက်လှုပ်ရှားမှုတွေ ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၆၀ ကျော်ကိုလည်း အမြန်ဆုံး ပြတ်လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတွေ တိုးမြှင့်ပေးဖို့ကို RSF ကတောင်းဆိုထားပါတယ်။
RSF အာရှ-ပစိဖိတ်ဗျူရို ဒါရိုက်တာ Cédric Alviani က “ဒါက မြန်မာစစ်အစိုးရရဲ့ တုန်လှုပ်ချောက်ချားစရာ လုပ်ကြံသတ်ဖြတ်မှုပါပဲ။ အာဏာသိမ်းပြီးကတည်းက သတင်းသမားတွေကို ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေခဲ့တဲ့ တိုင်းပြည်မှာ ရှည်ကြာစွာ ပဋိပက္ခတွေကြားက သတ္တိရှိရှိ သတင်းပို့နေကြတုန်းပါပဲ။ သတင်းထောက်တွေအပေါ် အကြမ်းဖက်လှုပ်ရှားမှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတွင်း ထိန်းသိမ်းခံနေရတဲ့ သတင်းထောက် ၆၂ ယောက်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားတွေ တိုးမြှင့်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ တောင်းဆိုလိုက်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တရားဥပဒေကြောင်းအရ ခုခံပိုင်ခွင့် လုံးဝမရှိဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ Dawei Watch သတင်းဌာနက သတင်းထောက် ကိုအောင်ဆန်းဦးကို ထောင်ဒဏ်နှစ် ၂၀၊ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါသေးတယ်။
ပြည်တွင်းထဲကနေ သတင်းရယူတင်ဆက်နေတဲ့ သတင်းသမားတွေအနေနဲ့ လုံခြုံရေးကို အထူးသတိပြုဖို့နဲ့ သတင်းဌာနတွေအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက် ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်သင့်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။
“သတင်းသမားတွေအပေါ်မှာ မှီခိုနေရတဲ့ မိသားစုဝင်တွေ ဆက်လက်ရပ်တည်မှု အခက်အခဲတွေကလည်း သတင်းမီဒီယာတွေကို ဝိုင်းဝန်းကူညီနေတဲ့သူတွေက တစုံတရာ ပံ့ပိုးကူညီမှုလေးတွေ လုပ်ဆောင်ပေးဖို့တော့ လိုတာပေါ့။ သတင်းသမားတွေနဲ့ သတင်းတိုက် တခုချင်းစီကလည်း ကိုယ့်ရဲ့တိုက်ထဲမှာ ကိုယ့်ရဲ့သတင်းဌာနထဲမှာ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မူဝါဒတွေ ချမှတ်ပြီးတော့ ခိုင်ခိုင်မာမာလေး လုပ်ဆောင်သွားမယ် ဆိုရင်တော့ အတန်အသင့်တော့ ကိုယ့်ရဲ့ သတင်းသမားတွေ လုံခြုံမှုတွေနဲ့ သတင်းရင်းမြစ်တွေရဲ့ လုံခြုံမှုတွေ ထိန်းနိုင်မယ်လို့ မြင်မိပါတယ်။”
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းကနေ အခုချိန်ထိ သတင်းမီဒီယာနဲ့ ဆက်စပ်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်များ အပြင် သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမားတွေ ရှိပေမဲ့ အကျဉ်းထောင်တွေမှာ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား ၆၀ ကျော်နဲ့ ထုတ်ဝေခွင့် ပိတ်သိမ်းခံရတဲ့ သတင်းဌာနက DVB အပါအဝင် ၁၅ ခု ရှိနေပါတယ်။
ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့် အညွှန်းကိန်းက အခုနှစ် ၂၀၂၄ မှာ နိုင်ငံပေါင်း ၁၈၀ ထဲ ၁၇၁ နေရာမှာရှိနေပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးလည်း ဖြစ်တယ်လို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဝေဝေ