စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မြတောင်ရွာနဲ့ မောင်းကုန်းရွာကို စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို လေယာဥ် ၄ စီးနဲ့ လုံခြုံရေးယူပေးရင်း လေကြောင်းတိုက်ခိုက်တာလို့ ဆိုပါတယ်။
ရွာသားတယောက်က “အရင်ဆုံး မောင်းကုန်းရွာကို ကြဲတာက ဈေးအနီးမှာရှိတဲ့ ထမင်းဆိုင်ကို ကြဲချခဲ့တာဗျ၊ လူထိခိုက်မှုရှိတယ်ဗျ။ ကြဲချတဲ့ ဗုံးအလုံးအရေအတွက်က ၃ လုံးရှိတယ်။ လေယာဉ်ပေါ်ကနေ လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ ရွာသားတွေ အကုန်ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတာဆိုတော့ အသေအပျောက်နဲ့ အထိအခိုက်စာရင်း အတိအကျကိုတော့ ဘာမှမသိရသေးဘူး။ ကျနော်တို့ရွာအပြင် မြတောင်ရွာကိုလည်း ဗုံးချသေးတယ်။ အဲရွာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ထားတာဆိုတော့ ရွာသားတွေ ရွာထဲမရှိလို့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ပြီး ညနေ ၅ နာရီလောက်မှာ ထီးချိုင့်မြို့နဲ့ မြတောင်ရွာအကြားမှာ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တယောက်က ပြောပါတယ်။
“မြစ်ထဲကနေ ဆန်တက်လာတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့တဲ့ စစ်သင်္ဘောတွေကို ကျနော်တို့ ကာကွယ်ရေးတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်ဗျ။ စစ်သင်္ဘောတစီး အနည်းငယ်ပျက်စီးမှု ရှိသွားတယ်ဗျ။ ကျနော်တို့ဘက်ကိုလည်း စစ်င်္ဘောပေါ်ကနေ ပြန်ပစ်တယ်။ ဒါပေမဲ့ ထိခိုက်တစုံတရာ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။