Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် စစ်တပ်က လူငယ် ၄ ဦးကို ပစ်ခတ်ဖမ်းဆီး
DVB
·
September 4, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာဈေးအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် ညက အုပ်စုဖွဲ့ အရက်သောက်နေတဲ့ လူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ် ဖမ်းဆီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ၊ ဈေးအရှေ့လမ်းပေါ်မှာ စက်တင်ဘာ ၂ ရက် ည ၈ နာရီလောက်က လူငယ် ၁၀ ယောက် ဝိုင်းဖွဲ့အရက်သောက်နေစဉ် စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာတာကြောင့် လူငယ်တချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရွာခံတယောက်က ပြောပါတယ်။

“ရွာဓလေ့အရ လူငယ်လေးတွေက အခုလို ဝိုင်းဖွဲ့သောက်နေကြပါ။ အချိန်ကလည်း စောသေးတယ်။ အခုလို လက်နက်အားကိုးပြီး ကလေးတွေကို အနိုင်ကျင့်တာတော့ လုံးဝ မဖြစ်သင့်ဘူးပေါ့။ နောက်ပြီး သူတို့စွပ်စွဲသလို ဘာ PDF မှလည်း မဟုတ်ပါဘူး။ ရွာထဲက လူငယ်လေးတွေပါ။”

လမ်းဘေးအရက်ဝိုင်းဖွဲ့သောက်မှုကြောင့် သဗြုချောင်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင်စူပါထောမှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ညာဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သလို အသက် ၁၆ နှစ်အရွယ် မောင်ကျော်ထက်ဦး၊ အသက် ၁၈ နှစ်အရွယ် မင်းချမ်းမွန်၊ အသက် ၃၀ နှစ်အရွယ် ကိုအောင်မင်းထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်သတင်းတွေမှာတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဖြစ်ကြောင်းနဲ့ ဖမ်းဆီးစဉ် လက်ပစ်ဗုံးတလုံးနဲ့ WY မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ဝါဒဖြန့် ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ယောက်ကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ လူပေါင်း ၂၇,၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရပါတယ်။

Photo - ပေါင်မြို့နယ်ရဲတပ်ဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013