ဧရာဝတီတိုင်း၊ မအူပင်မြို့အမှတ်၊ ၁၂ ရပ်ကွက်က အုပ်ချုပ်ရေးမှူး အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေသခံလူငယ် အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းရွေးချယ်ဖို့ ရပ်ကွက်အတွင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၃၁ ရက်က ချောင်းအရိုက်ခံရတာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ စစ်ကောင်စီတပ်က အစည်းအဝေး တက်ရောက်ခဲ့တဲ့သူတွေထဲက လူငယ်တချို့ကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “အုပ်ကြီးက သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ချောင်းအရိုက်ခံရတာ။ သူအရိုက်ခံရပြီးကတည်းက စစ်ကောင်စီတပ်က ရက်ဆက်ကို ဖမ်းနေတော့တာ။ အစည်းအဝေးတက်တဲ့အထဲက လူငယ် အယောက် ၂၀ လောက်ကို ဖမ်းထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အရိုက်ခံရတဲ့ အုပ်ကြီးက ဦးခေါင်းနောက်စေ့ကွဲသွားတယ်။ ဆေးရုံမှာ ချုပ်လိုက်ရတယ်။ အရိုက်ခံရတာနဲ့ပတ်သက်ပြီး အစည်းအဝေး တက်ရောက်သူတွေ ထဲက ဖြစ်မယ်ဆိုပြီး စကစတပ်က လာဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းထားတဲ့ အရပ်သားတွေထဲမှာ မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်ထဲက လူငယ်တွေ အများဆုံးပါဝင်ပြီး စစ်ကောင်စီတပ် အင်အား ၃၀ ကျော်နဲ့ ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက စစ်ကောင်စီတပ်နဲ့ ပတ်သက်သူတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေဆီ သွားရောက်စုံစမ်းပေမဲ့ စက်တင်ဘာ ၄ ရက်အထိ ဆက်သွယ်လို့မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မအူပင်မြို့ အမှတ် ၁၂ ရပ်ကွက်ကနေ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ လူငယ် ၁၉ ယောက်ကိုလည်း ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်က ပုသိမ်မြို့ စစ်တိုင်းရုံးကို စစ်သင်တန်းတက်ဖို့ ပို့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။